တော်သလင်းလပြည့်‌ ဂရုဓမ္မအခါတော်နေ့နှင့် မြန်မာ့ရိုးရာလှေသဘင်ပွဲတော်



ဝင်းထွဋ်ဦး

 

ယခုကာလသည် မြန်မာ့ဆယ့်နှစ်လရာသီ၏ ခြောက်လမြောက်(ဆဋ္ဌမ)လဖြစ်သည့် တော်သလင်း လဖြစ်ပါသည်။ မိုးနှောင်းရာသီကာလတွင် ကျရောက်သည့်လတစ်လဖြစ်သည်။

 

တော်သလင်းဆိုသည်မှာ တော်နှင့် သလင်းကိုပေါင်းစပ်ထားခြင်းဖြစ်သည်။ တော်ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ်ဖြစ်သည်၊ အထက် ကောင်းကင်ဖြစ်သည်။ သလင်းဟူသည်မှာ သာယာ ထွန်းလင်းသည်ဟု အဓိပ္ပာယ်ရသည်။ ရာသီမှာ ကန်ရာသီဖြစ်သည်။ ကန်ရာသီဆိုသည်မှာ ‘ကညာ’ ဟုဆိုသည်။ ကညာမှာ နှစ်သက်ခြင်းဟု အဓိပ္ပာယ် ရသည်။ ပါဠိသဒ္ဒါ၌ တောသဟုဆိုလိုပြီး တောသမှ တော်သလင်းသို့ ပြောင်းလဲလာခြင်းဖြစ်သည်။ ရင်းမာပန်းမှာ ရာသီပန်းဖြစ်သည်။ ရာသီရုပ်မှာ ကညာရုပ်ဖြစ်သည်။ တိမ်ကင်းစင်သောအချိန် ဖြူစင်သော “ဗျိုင်းတာရာ” နက္ခတ်ဖြစ်သည်။

 

 တော်သလင်းလတွင် ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန်မြူးထူးပြီး ရေထဲကိုခုန်ဆင်းသည့် ပျော်ပွဲရွှင်ပွဲများ၊ လှေသဘင်ပွဲများကို ကျင်းပကြသည်။ ကောက်စိုက်ချိန် ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့်တောင်သူများ အလုပ်ပြီးမြောက်၍ ပြုံးပျော်မြူးထူး ရွှင်လန်းကြသည့်လလည်းဖြစ်သည်။

 

ဂရုဓမ္မအခါတော်နေ့ ပေါ်ပေါက်လာပုံ

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့သည် မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တော်သလင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များအတွက် ဂရုဓမ္မအခါတော် နေ့အဖြစ် သတ်မှတ်ထားကြသည်။ ထိုနေ့သည် ငါးပါးသီလကို အသက်ထက်ဆုံးလုံခြုံအောင် စောင့်ထိန်းကြရန် အသိပေးသောနေ့ဖြစ်သည်။ ကုရုဓမ္မသည် လူသားတို့တလေးတစား စောင့်ထိန်း အပ်သည့် (ကုရုဓမ္မ) ငါးပါးသီလပင်ဖြစ်သည်။ ကုရုဓမ္မမှသည် ဂရုဓမ္မဟူ၍‌ ပြောင်းလဲလာခြင်း ဖြစ်သည်။

 

မြတ်စွာဘုရားရှင်သည် ဘုရားအလောင်းတော် ဘဝတစ်ခုတွင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ကုရုတိုင်းတွင် မင်းအဖြစ်အုပ်ချုပ်ခွင့်ရပြီး မင်းကျင့်တရားဆယ်ပါးနှင့်အညီ ငါးပါးသီလ (ကုရုဓမ္မ)ကို စောင့်ထိန်းပြီးအုပ်ချုပ်ခဲ့သည်။

 

ငါးပါးသီလ(ကုရုဓမ္မ)ကို ဘုရားအလောင်းတော်မင်း စောင့်ထိန်းသကဲ့သို့ ဘုရားအလောင်းတော်၏ မယ်တော်၊ မိဖုရားကြီး၊ ညီတော်အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်တို့ကလည်း စင်ကြယ်စွာစောင့်ထိန်းကြသည်။ ထိုသို့ငါးပါးသီလ (ကုရုဓမ္မ) ကို စောင့်ထိန်းမှုကြောင့် တိုင်းပြည်မှာ ရာသီဥတုကောင်းမွန်ပြီး အေးချမ်းသာယာဝပြောစည်ပင်လျက် ရှိသည်။ ဘုရားအလောင်းတော်သည် မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်ခြောက်ဌာနတွင် အလှူမဏ္ဍပ်များ ဆောက်လုပ်ပြီး လှူဒါန်းမှုပြုလုပ်သည်။ တိုင်းပြည်အုပ်ချုပ်မင်း စောင့်ထိန်းသည့် အတိုင်း တိုင်းသူပြည်သားများကလည်း ငါးပါး သီလ(ကုရုဓမ္မ)ကို စောင့်ထိန်းကြသည်။

 

ဘေးသုံးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရ

ဘုရားအလောင်းတော်၏ ကုရုတိုင်းပြည် အနီးအနားရှိ ကာလိင်္ဂတိုင်းတွင် ကာလိင်္ဂမင်းအုပ်ချုပ် လျက်ရှိသည်။ ကာလိင်္ဂတိုင်းတွင် ငတ်မွတ်ခြင်း၊ ရောဂါများဖြစ်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း စသည့် ဘေးသုံးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။အကြောင်းမှာ မိုးရွာသွန်းခြင်းမရှိ မိုးခေါင်နေ၍ဖြစ်သည်။

မိုးရွာစေရန် ကာလိင်္ဂမင်းသည် ရှေးမင်းများအတိုင်း မင်းကျင့်တရားဆယ်ပါး ဒါန၊ သီလများ ပြုကျင့်သည်။ သို့‌သော် မိုးရွာသွန်းခြင်းမရှိဖြစ်နေဆဲ။ ကုရုတိုင်းရှိ ဆင်ဖြူတော်ကိုအလှူခံပြီး သယ်ဆောင် ပါသော်လည်း မိုးရွာခြင်းမရှိ ရာသီဥတုဆိုးရွားနေဆဲ ဖြစ်သည်။

 

နောက်ဆုံးတွင် ကုရုတိုင်းမှ ဘုရားအလောင်းတော်မင်းအပါအဝင် တိုင်းသူပြည်သားများအားလုံး ငါးပါးသီလ(ကုရုဓမ္မ)ကို စောင့်ထိန်းမှုကြောင့် တိုင်းပြည်ရာသီဥတုကောင်းမွန်ပြီး အေးချမ်းသာယာ ဝပြောစည်ပင်လျက်ရှိသည်ကို ကာလိင်္ဂတိုင်းမင်းနှင့် တိုင်းသူပြည်သားများက သိရှိနားလည် သဘောပေါက်လာကြသည်။

 

စောင့်ထိန်းမှုပြုသည့်ကုရုဓမ္မ(ဂရုဓမ္မ) ငါးပါး သီလ၏ အကျိုးဆက်ပင်ဖြစ်ကြောင်းကို သိလာကြ သည်။ ထိုအခါ ကာလိင်္ဂတိုင်းမင်းနှင့် တိုင်းသူပြည်သားများက ကုရုဓမ္မ(ဂရုဓမ္မ) ငါးပါးသီလ ပွားများ ဆောက်တည် စောင့်ထိန်းမှုပြုကြသည်။ ထိုကုရုဓမ္မ(ဂရုဓမ္မ) ငါးပါးသီလစောင့်ထိန်းခြင်း‌ ကြောင့် ကာလိင်္ဂတိုင်း ရာသီဥတုကောင်းမွန် မှန်ကန် လာသည်။ ငတ်မွတ်ခြင်း၊ ရောဂါများဖြစ်ခြင်း၊ ရာသီ ဥတုဖောက်ပြန်ခြင်း ဘေးသုံးပါးမှ လွတ်ကင်းပြီး တိုင်းပြည်အေးချမ်းသာယာဝပြောခဲ့သည်။

 

ကုရုတိုင်းမှ ဘုရားအလောင်းတော်မင်းအပါအဝင် တိုင်းသူပြည်သားများအားလုံး အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ (ဂရုဓမ္မ) အခါတော်နေ့ ဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါ သည်။

 

ဂရုဓမ္မသည် သူတစ်ပါးအသက်ကိုသတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးယူခြင်း၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊ သူတစ်ပါးသားမယားပြစ်မှားခြင်း၊ အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို အထူး ရှောင်ကြဉ်ဆောက်တည်ရသော ငါးပါးသီလတရား ဖြစ်သည်။

 

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် တော်သလင်းလပြည့်‌ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ အခါသမယတွင် ငါးပါးသီလစောင့်ထိန်းခြင်း ပြုလုပ် ဆောင်ရွက်ကြသည်။

 

လှေသဘင်ပွဲတော်

တော်သလင်းလ၏ မြန်မာ့ရိုးရာဓလေ့အစဉ်အလာရာသီပွဲတော်မှာ လှေပြိုင်ပွဲဖြစ်သည်။ လှေသဘင် ပွဲတော်ကို မြန်မာမင်းများ နှစ်သက်မြတ်နိုးကြသည်။ ဘုရင်ကိုယ်တိုင်ဦးဆောင်၍ ကျင်းပကြသည်။ ရှေးယခင်တုန်းက လှေပြိုင်ပွဲများ (လှေသဘင်ပွဲတော်) ကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစား အားပေးတော်မူလေ့ရှိသည်။ လှေလှော်သားတို့ကို ဆုတော်လာဘ်တော်များ ချီးမြှောက်ခြင်း ပြုကြသည်။ ဘုရင်ကိုယ်တော်တိုင် ဆုချီးမြှင့်သည့်ပွဲတော်ဖြစ်သည်။ ခမ်းနားကြီးကျယ်စည်ကား သိုက်မြိုက်စွာ ကျင်းပသည့်ပွဲတော်ကြီး တစ်ခုဖြစ်သည်။ လှေပွဲသဘင်ကို လှေအမျိုးအစားအလိုက် ခွဲခြားပြုလုပ်၍ ပြိုင်ကြသည်။ ကြည့်ရှုအားပေးကြသော ပရိသတ်များက အိုးစည်ဗုံမောင်းများ တီးမှုတ်ကခုန်၍ ပျော်ရွှင်မဆုံးရှိကြသည်။

 

တော်သလင်းလတွင် မြန်မာ့ရိုးရာလှေပြိုင်ပွဲကို ဆင်ယင်ကျင်းပခြင်းသည် ထူးခြားမှုရှိသည်။ တိုင်းရင်းသား ပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်း၊ ကိုယ်လက်ကြံ့ခိုင်ခြင်း၊ ဇွဲသတ္တိနှင့် လုံ့လ ဝီရိယရှိခြင်း စသည့်အကျိုးကျေးဇူးများကို လှေပြိုင်ပွဲမှရရှိနိုင်မည်ဖြစ်သည်။

 

 လှေပွဲသဘင်ကို ပန်းလုသဘင်၊ ရေပွဲသဘင်၊ မြစ်ယံပွဲစသည့် အမည်များဖြင့်ကျင်းပကြသည်။ ဘုရင်ကိုယ်တိုင် ကြွရောက်ချီးမြှင့်သည့်ပွဲဖြစ်၍ စည်ကားလှပေ၏။ ဘုရင်သည် မှူးမတ်များ ခြံရံ ကာ ပြည်ကြီးမွန်လှေတော်ကိုစီး၍ လှေပွဲသဘင်ကို ကြွရောက်ချီးမြှင့်တော်မူသည်။ ဘေးနှစ်ဖက် (လက်ဝဲ၊ လက်ယာ)တွင် ရုပ်လုံးရုပ်ကြွ ၅၀ စီက ဦးညွှတ်ဟန်၊ ဦးမှပဲ့အထိ ထုလုပ်တန်ဆာဆင်ထား သည့် ဘုရင့်ရွှေလှေတော်ကို ပြည်ကြီးမွန်လှေဟု ခေါ်ဆိုကြသည်။

 

ထိုလှေသဘင်ပွဲကို တော်သလင်းလဆန်း ၈ ရက်၊ လပြည့်နေ့၊ လပြည့်ကျော် ၈ ရက်၊ လကွယ် နေ့တို့တွင် ကျင်းပလေ့ရှိသည်။ လှေသဘင်ပွဲတွင် လှော်ကားလှေတော်ကြီး၊ လှော်ကားတော်၊ လှော်လှေတော်၊ ခတ်လှေတော်၊ လောင်းတော်၊ ရွှေခဲလှေတော်၊ နတ်မြားလှေ၊ ရတုံးလှေ စသည့်လှေအမျိုး အစားအလိုက် ပါဝင်ပြိုင်ဆိုင်ကြသည်။

 

ရှေးခေတ်ကာလများတွင် တော်သလင်းလ လှေသဘင်ပွဲများကို ကြီးကျယ်ခမ်းနားစွာပြုလုပ် ကျင်း ပခဲ့ကြသော်လည်း ယခုအချိန်ကာလတွင် နေရာဒေသအချို့၌သာ လှေပြိုင်ပွဲများကို ကျင်းပခြင်း ပြုကြသည်။ တော်သလင်းလတွင် လှေပြိုင်ပွဲများကို ကျင်းပခြင်းဖြင့် တော်သလင်းလ လှေပြိုင်ပွဲ ဆိုသည့် မြန်မာ့ရိုးရာ ရာသီဓလေ့ပွဲတော်တစ်ခု ဆက်လက်တည်တံ့နိုင်ရန် ရေးသားဖော်ပြ လိုက်ရပါသည်။ ။

No comments

Powered by Blogger.