ဒုတိယသမ္မတ ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

 



နန်နင်း စက်တင်ဘာ ၁၇


တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ စက်တင်ဘာ ၁၇ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် နန်နင်းမြို့ နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။


အခမ်းအနားတွင် ဒုတိယသမ္မတ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများက အဖွင့်မိန့်ခွန်း ပြောကြားကြပြီး (၂၃)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ပေးကြသည်။


ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် China-ASEAN EXPO သည် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးသည့် ပြပွဲတစ်ခု အဖြစ်သာမက ယုံကြည်မှုတည်ဆောက်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရေး၊ နည်းပညာနှင့် အတွေ့အကြုံများဖလှယ်ရေးနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးတို့ အတွက် အရေးပါသည့် စင်္ကြံတစ်ခုလည်းဖြစ်ကြောင်း။


ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ASEAN-China Free Trade Area - ACFTA 3.0 တွင် ကဏ္ဍသစ်များဖြစ်သည့် ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေး ကဏ္ဍများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများကို ပိုမိုဖွင့်လှစ်ပေးနိုင်သည့် အပြင် လွတ်လပ်မျှတပြီး စည်းမျဉ်းအခြေခံသည့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ကုန်သွယ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ လေးနိုင်ငံအပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံသို့ ခရီးစဉ်များ သွားရောက်ခဲ့ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုနှင့် နှစ်ဖက်အကျိုးရှိမည့်  လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်နှင့်လည်း မြန်မာ-တရုတ် ပူးတွဲ ကြေညာချက်ကို  ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်သည် နှစ်နိုင်ငံအကြား တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် အပြန်အလှန် အကျိုးရှိမှုတို့အပေါ်အခြေခံပြီး ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားရန် သဘောတူခဲ့ကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ စွမ်းအင်၊ လျှပ်စစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု နည်းပညာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများနှင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက်လည်း သဘောတူခဲ့ပါကြောင်း။


မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေပြီး အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အာဆီယံ၏ အချက်အချာကျမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးရှိမှုတို့အပေါ်အခြေခံ၍ ဆက်လက် မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်သို့ အာဆီယံနိုင်ငံများ၊ ဖိတ်ကြားထားသည့်နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်မိန့်ခွန်းပြောကြားသည်။


ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့် အတူ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ် ရာမြို့ ပဲခူးမြို့ (City Of Charm) ပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ ပြခန်းများနှင့် အာဆီယံနိုင်ငံ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။


(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပြခန်းပေါင်း ၈၁ ခန်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ လက်မှုအနုပညာ ပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ခင်းကျင်း ပြသလျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြခန်းစုစုပေါင်း ၁၀၀၀ ကျော်ခန့် ဖွင့်လှစ်ကာ နိုင်ငံအလိုက် ထွက်ကုန်များကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်

No comments

Powered by Blogger.