စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား၊ လေးကျွန်းမာန်အောင်ဘုရား၊ မရှိခဏဘုရားနှင့် စေတီလှစေတီတို့တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်

မန္တလေး စက်တင်ဘာ ၁၄
စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား၊ လေးကျွန်းမာန်အောင် ဘုရား၊ မရှိခဏဘုရားနှင့် စေတီလှ စေတီတို့တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစဉ် ရှေးဟောင်းသမိုင်း ဝင်ဘုရားများကို ပြန်လည် ပြုပြင်ရာတွင် ရှေးမူမပျက်ပြုပြင် သွားရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ မိုးရေ စိမ့်ဝင်ခြင်းမရှိအောင် ဂရုပြု ဆောင်ရွက်သွားရန်နှင့် ငလျင် အပါအဝင် သဘာဝဘေးအန္တရာယ် များပါကာကွယ်နိုင်ရန် ထည့်သွင်း စဉ်းစားတွက်ချက်၍ (SOP) လုပ်ထုံး လုပ်နည်းများအတိုင်း အရည်အသွေး ပြည့်မီအောင် ပြုပြင်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် အမရပူရ မြို့နယ်ရှိ ဗားကရာကျောင်း၊ ဆင်ကြိုရွှေကူဘုရားနှင့် မဟာ မင်းထင် သစ်သားဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယမန်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနန်းမြို့ရိုး၊ သူရဲခို၊ မီးတား၊ ပြအိုးနှင့် ပြာသာဒ် များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုက်နာ ဆောင်ရွက်ရမည့် (SOP)အတိုင်း အရည်အသွေး ပြည့်မီအောင် ပြုပြင်သွားရန်နှင့် နန်းမြို့ရိုး တစ်လျှောက်တွင် ရေဝပ်ဧရိယာများနှင့် စိုထိုင်းဆဖြစ်နေသော အကြောင်းအရင်းများကို စနစ်တကျ Survey ပြုလုပ်၍ ကွင်းဆင်း ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့ပြင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပဟိုရ်စင်နှင့် စွယ်တော်စင် ပြုပြင်ထိန်းသိမ်း မှုလုပ်ငန်းများနှင့် တံခါးနီတံခါး တူးဖော်သုတေသနပြုထားသည့် နေရာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments