လာအိုနိုင်ငံ၌ ဒီဂျစ်တယ်ခရီးသွားလုပ်ငန်း စင်္ကြံဖွင့်လှစ်
ဗီယင်ကျန်း စက်တင်ဘာ ၂၁
လာအိုနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများအား
မြှင့်တင်ရေးအတွက် Lao Travel Platform အမည်ရှိ ဒီဂျစ်တယ် ခရီးသွားလုပ်ငန်း စင်္ကြံအား
လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဖွင့်လှစ်
ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဒီဂျစ်တယ်စနစ်ဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စင်္ကြံဖွင့်လှစ်ခြင်းဖြင့် ခရီးသွားဧည့်သည်များအတွက် ခရီးသွားလာရေးဆိုင်ရာ အစီအမံများနှင့်
ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
လာအိုနိုင်ငံသို့ ဒီဂျစ်တယ်ဝင်ပေါက်ဟု
အမည်ပေးထားသည့် အဆိုပါခရီးသွားလုပ်ငန်းစင်္ကြံတွင် ခရီးသွားဧည့်သည်များအနေဖြင့် လာအိုနိုင်ငံအတွင်းရှိ ကျော်ကြားသည့်
ခရီးသွားနေရာများ၊ အပန်းဖြေမှုဆိုင်ရာဝန်ဆောင် မှုများ၊ တည်းခိုနေထိုင်ရေး၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းနှင့်
ဆက်စပ်သည့် ဝန်ဆောင်မှုများဆိုင်ရာ အချက်အလက်များအား
တစ်နေရာတည်းတွင် ရှာဖွေရရှိနိုင်ပြီး ကားလက်မှတ်၊ လေယာဉ်လက်မှတ်၊
ရထားလက်မှတ်များ ဝယ်ယူခြင်း၊ ကားငှားရမ်းခြင်း၊ ဆင်းကတ်ဝယ်ယူခြင်းနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ဝန်ဆောင်မှုများအား အဆိုပါ ဒီဂျစ်တယ်ခရီးသွားလုပ်ငန်းစင်္ကြံတွင်
ဆောင်ရွက်နိုင်ကြောင်းသိရသည်။
လာအိုနိုင်ငံသည် ၂၀၂၆မှ
၂၀၃၀ပြည့်နှစ်အတွင်း ခရီးသည် ၄၃ သန်းကျော် နိုင်ငံအတွင်းသို့ လာရောက်ရေး ရည်မှန်းချက်
ထားရှိဆောင်ရွက်နေပြီး ၎င်းရည်မှန်းချက်အောင်မြင်ရေးအတွက် အစိုးရအနေဖြင့် နိုင်ငံအတွင်း ကျော်ကြားသည့် ခရီးသွားနေရာများရှိ အခြေခံအဆောက်အအုံများအား အဆင့်မြှင့်တင်ခြင်းနှင့် ခရီးသွားလုပ်ငန်းတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏
အရည်အသွေးမြှင့်တင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။ လာအိုနိုင်ငံသို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာလှည့်ခရီးသွား
၂ ဒသမ ၅ သန်းကျော် လာရောက်ခဲ့ပြီး ၎င်းအရေအတွက်သည် ၂၀၂၅ ခုနှစ် အလားတူကာလကထက် ၉ ဒသမ
၈၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments