၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၃
ဝန်ကြီးဌာနအဖွဲ့အစည်းများ
အချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ ပြည်သူလူထုအတွင်း ပိုက်ကျော်ခြင်း
အားကစားနည်းကို တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်ပြန့်ပွားလာစေရေး၊ အားကစားသမားများအချင်းချင်း
ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်
ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို
နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ
အားကစားရုံ(A)၌ ကျင်းပသည်။
ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးတင်ဦးလွင်၊ ဦးသန်းမောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ
ဦးကံမြင့်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်
အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ
တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီးက ယနေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာနကိုယ်စားပြုအသင်းများမှ
အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ကိုယ်စားပြုဝင်ရောက်
ယှဉ်ပြိုင်သည့် ဝန်ကြီးဌာနအသင်း အောင်နိုင်ရေးအတွက် မိမိတို့၏ အစွမ်းအစနှင့် အရည်အသွေးများကို
အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ
အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွား ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းကို
အင်အားဖြည့်တင်းပေးနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် တိုက်တွန်းမှာကြားပြီး ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို
ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့်
ဇမ္ဗူသီရိမြို့နယ်
အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းပေးအပ်ချီးမြှင့်ပြီး
ပိုက်ကျော်ခြင်း(အမျိုးသား) သုံးယောက်တွဲ
အဖွဲ့လိုက်ပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့၏
ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများကို စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ
ခုနစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၂၇
သင်း စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၄ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်
မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments