နိုင်ငံသားကောင်းမှ နိုင်ငံကောင်းမည်
ခင်လေး(ပြည်ထောင်စုနယ်မြေ)
ချစ်လှစွာသော
မြန်မာမလေးရေ….
သမီးတို့
ပညာရေးကောလိပ်နောက်ဆုံးနှစ် သင်တန်းသူ ဆရာမလောင်းလေးတွေ မေးထားတဲ့ မေးခွန်းလေးတွေနဲ့
ပတ်သက်ပြီး တီလေး လေ့လာသိမြင်ရသလောက် ဖြေပေးလိုက်မယ်နော်။
အရင်ဦးဆုံးအနေနဲ့
စွမ်းအားနဲ့ စွမ်းအင်ရဲ့ အဓိပ္ပာယ်ကို တိတိ ကျကျပြောကြမယ်။ စွမ်းအင်က Energy၊ စွမ်းအားက Power၊ စွမ်းအင် ဆိုတာက အလုပ်တစ်ခုကို
လုပ်ဆောင်နိုင်တဲ့စွမ်းရည် (Ability to do work)၊ စွမ်းအားဆိုတာက စွမ်းအင်ကိုအသုံးပြုတဲ့နှုန်း ဒါမှမဟုတ်
အလုပ်လုပ်ဆောင်တဲ့အရှိန်နှုန်း (Rate of doing work)ပေါ့ကွယ်။
ခေတ်မီနည်းပညာနဲ့
လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စွမ်းအင်ကို စနစ်တကျသိုလှောင်ခြင်းနဲ့
စွမ်းအားကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ သိပ်ကိုအရေးကြီးတယ်မဟုတ်လား။ သမီးတို့သိချင်တဲ့ “ပြန်လည်
ပြည့်ဖြိုးမြဲစွမ်းအင်”ဆိုတာကတော့ သဘာဝအလျောက် မကုန်ခန်းနိုင်ဘဲ ဆက်တိုက် ပြန်လည်ရရှိနိုင်တဲ့
စွမ်းအင်ကို ခေါ်တာဖြစ်တယ်။
ဥပမာအနေနဲ့ပြောရရင်တော့
Solar
လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်တို့၊ (Wind) လေစွမ်းအင်၊ (Hydro)ရေအားလျှပ်စစ်နဲ့
နောက်တစ်မျိုးက (Biomass) ဇီဝဒြပ်ထု စွမ်းအင်တို့ပေါ့သမီးရယ်။
အခုဆိုရင် Smart Meter တွေကိုအသုံးပြုလာတော့၊
မီတာဖတ်သူတွေက လူကိုယ်တိုင်ရောက်လာဖို့ မလိုအပ်တော့ဘဲ မီတာခပမာဏနဲ့ သုံးစွဲမှုကိုအချိန်စေ့
တိုင်းတာနိုင်တယ်။ နောက်တစ်ခုအနေနဲ့ဆိုရင် ဓာတ်အားပြတ်တောက်မှုကိုလည်း
အလိုအလျောက်သတင်းပို့နိုင်တယ်။ အခုလိုမိုးရာသီကာလမှာ လျှပ်စစ်ဝိုင်ယာရှော့ ဖြစ်တယ်ဆိုတဲ့
အန္တရာယ်ကိုလည်း သတိပေးချက်လေးအနေနဲ့ ထည့်ရေး သင့်တယ်။ အရည်အသွေးမီတဲ့
ဝိုင်ယာကြိုးတွေနဲ့ မိန်းခလုတ်တွေကိုအသုံးပြုဖို့၊ မြေစိုက်ကြိုးကို
စနစ်မှန်ကန်စွာထည့်သွင်းဖို့၊ သက်တမ်းလွန်နေတဲ့ မီးကြိုးတွေကို
အသုံးမပြုဖို့ဆိုတဲ့ အချက်တွေပေါ့ကွယ်။
နိုင်ငံတော်ရဲ့ဘဏ္ဍာငွေနဲ့ စီးပွားရေးကို ထိခိုက်စေ
နောက်ထပ်တစ်ချက်က
ပိုက်ဆံအကုန်မခံရဘဲ လျှပ်စစ်မီးကိုရယူသုံးစွဲလို့ရတယ်ဆိုတဲ့ လူတွေ အကြောင်းပေါ့။
တစ်နည်းအားဖြင့်တော့ တရားမဝင် ဓာတ်အားရယူသုံးစွဲနေသူတွေ ရှိနေတယ်ဆိုတဲ့
အကြောင်းကိုလည်း သမီးလေးထည့်ရေးသင့်တယ်။ တရားမဝင် ဓာတ်အားသုံးစွဲမှုတွေကြောင့်
နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေနဲ့ စီးပွားရေးကို ထိခိုက်စေရုံသာမကဘဲ
လျှပ်စစ်မီးမမှန်ခြင်း၊ မီးဘေးအန္တရာယ် ကျရောက်ခြင်းဆိုတဲ့ ဆိုးကျိုးတွေကို
ဖြစ်ပေါ်စေတတ်တယ်ဆိုတဲ့ အကြောင်းကိုပါ ဖော်ပြနိုင်ရမယ် သမီး။
လက်ရှိအနေအထားမှာဆိုရင်လည်း
တီလေးတို့မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ဓာတ်အားထုတ်လုပ်မှု၊ ပို့လွှတ်မှုနဲ့
ဖြန့်ဖြူးမှုအပိုင်းတွေမှာ စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ် သမီးရေ။
နိုင်ငံတစ်ဝန်းမှာ ကြုံတွေ့နေရတဲ့ ဒီပြဿနာဆိုးကြီးကို တီလေးတို့ပြည်သူတစ်ရပ်လုံးက
တာဝန်သိစိတ်နဲ့အတူ ဝိုင်းဝန်းတားဆီး ကာကွယ်ကြဖို့ လိုအပ်နေတယ်ဆိုတဲ့အကြောင်းပေါ့။
နောက်ထပ်သမီးလေးသိချင်တဲ့ Electricity Theft ဆိုတာ သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနရဲ့ တရားဝင်ခွင့်ပြုချက်
ဒါမှမဟုတ် စာရင်းသွင်းမီတာတပ်ဆင်ထားခြင်းမရှိဘဲနဲ့ လျှပ်စစ်မီးလိုင်းတွေကနေ
တိုက်ရိုက် ချိတ်ဆက်ပြီး ခိုးယူသုံးစွဲခြင်းကို ခေါ်တာဖြစ်တယ်။ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲခြင်းလို့
ခေါ်တာပေါ့ သမီးရယ်။
အဲဒီလို
ခိုးယူသုံးစွဲနေသူတွေရှိတော့ အမှန်တကယ်မီတာ တပ်ဆင်သုံးစွဲနေတဲ့
အများပြည်သူတွေဆီကို ဓာတ်အားအပြည့်အဝ မဖြန့်ဖြူးနိုင်တော့ဘူးလေ။
ဓာတ်အားမလုံလောက်မှုဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရတာပေါ့ သမီးရယ်။ ဓာတ်အားကို
ခိုးယူသုံးစွဲနေသူတွေဟာလည်း မီတာခမပေးဆောင်ရတဲ့ အတွက် ဓာတ်အားကိုအတိုင်းအဆမရှိ
အလွန်အကျွံသုံးစွဲကြလိမ့်မယ်။ ဒီလိုသုံးစွဲကြတဲ့အခါမှာ ဖြစ်တတ်တဲ့ အခြေအနေတွေက
ထရန်စဖော်မာတွေ ဝန်အားမနိုင်ဘဲ လောင်ကျွမ်းပျက်စီးကြတာမျိုး၊
လျှပ်စစ်ဗို့အားကျဆင်းပြီး တစ်ရပ်ကွက်လုံး မီးပြတ်တောက်သွားတာမျိုးပေါ့။
တရားဝင်သုံးစွဲနေတဲ့ သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသလို မီးလောင်မှု၊
ဓာတ်လိုက်မှုဆိုတဲ့ အန္တရာယ် တွေနဲ့လည်း ကြုံတွေ့နိုင်တာပေါ့ကွယ်။
နည်းပညာနဲ့တားဆီးနိုင်ဖို့ Smart Meter တွေတပ်ဆင်
နိုင်ငံသားကောင်းမှ
နိုင်ငံကောင်းမှာဖြစ်တယ်၊ ဓာတ်အားခိုးယူသုံးစွဲခြင်းဟာ နိုင်ငံသားကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူးသမီးလေးရဲ့။
ဥပဒေအရ ပြင်းထန်စွာအရေးယူခံရနိုင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ မသမာမှုကို
ရည်ရွယ်ချက်ရှိရှိလုပ်နေကြတဲ့ ဓာတ်အားခိုးယူသုံးစွဲသူတွေကို လျှပ်စစ်နှင့်စွမ်းအင်
ဝန်ကြီးဌာနက နည်းပညာနဲ့တားဆီးနိုင်ဖို့ လက်ရှိအခြေအနေမှာဆိုရင်တော့ Smart Meter တွေ တပ်ဆင်ပေးတာတို့၊ Advanced Metering Infrastructure (AMI)
System တွေကို တိုးချဲ့ တည်ဆောက်တာတို့၊ Supervisory
Control And Data Acquisition (SCADA) နဲ့ အလိုအလျောက် ဓာတ်အားဖြန့်ဖြူးပေးနိုင်တဲ့
စနစ်တွေကို အဆင့်မြှင့်တင်ခြင်းစတာတွေကလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြတယ်။
နိုင်ငံတစ်ဝန်းလုံးအတွက်လည်း အပြည့်အဝ Digital Grid အဖြစ်ပြောင်းလဲဖို့ ပေါ့ကွယ်။
နောက်ပြီး
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ လမ်းတစ်လျှောက်မှာ ဖြစ်တတ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ၊
ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်းစတဲ့ လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုတွေကို စမတ်ဂရစ် SCADA လို့ခေါ်တဲ့ အဝေးကကြည့်ရှုကွပ်ကဲနိုင်တဲ့စနစ်နဲ့
အလိုအလျောက် ထိန်းချုပ်ကွပ်ကဲမှုစနစ် Grid Automation တွေနဲ့ချက်ချင်းဖော်ထုတ် တားဆီးနိုင်တော့မှာပါသမီးလေး။ အဲဒီလို စောင့်ကြပ် ကြည့်ရှုနိုင်မယ်ဆိုရင်တော့
အကျိုးကျေးဇူးက လျှပ်စစ်ကဏ္ဍမှာ ဝင်ငွေတိုးတက်ရရှိလာမယ်၊ ဒါဆိုရင် နိုင်ငံတော်မှာ နောက်ထပ်တိုးချဲ့တည်ဆောက်မယ့်
စီမံကိန်းလုပ်ငန်းသစ်တွေလည်း ပိုမိုအားကောင်း လာမယ်၊ ပုဂ္ဂလိက
ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့အတွက်လည်း အထောက်အကူကောင်းတစ်ခု
ဖြစ်လာနိုင်မယ်မဟုတ်လားကွယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း ပြည်ပခရီးစဉ်တွေမှာ ဓာတ်အား ဖြန့်ဖြူးရေးစနစ်
ပိုမိုတိုးတက်စေဖို့နဲ့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက် ရုရှားဖက်ဒရေးရှင်း
နိုင်ငံပိုင် JSC “System Operator of the United Power System of Russia” အဖွဲ့၊ ထိုင်းနိုင်ငံ Electricity Grneration Authority of
Thailand(EGAT)၊ တရုတ်နိုင်ငံ China Southern Power Grid_Lanchang
Mekhong International Co.,Ltd.(CSG LMI)တို့နဲ့
ဆွေးနွေးတိုင်ပင်ခဲ့တယ်ဆိုတာ ရုပ်မြင်သံကြားသတင်းမှာရော
နိုင်ငံပိုင်နေ့စဉ်သတင်းစာတွေမှာပါ ဖော်ပြထားတယ်လေသမီး။ ဒီလိုအဖွဲ့အစည်းတွေနဲ့
နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်လည်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတွေရဲ့
စနစ်တွေ အရင်ကထက်တိုးတက်ကောင်းမွန်လာတယ်၊ လျှပ်စစ်ဓာတ်အားခိုးယူ သုံးစွဲမှုတွေကို
ဖော်ထုတ်လာနိုင်ရုံသာမကဘဲ အနာဂတ်မှာလည်း ဓာတ်အားခိုးသုံးမှုဆိုတဲ့ နိုင်ငံသားကောင်းမပီသတဲ့လုပ်ရပ်တွေ
လုံးဝပပျောက်သွားတဲ့ အထိ ဆောင်ရွက်နိုင်တော့မယ်လို့ ယုံကြည်မိတယ်။
လျှပ်စစ်နဲ့စွမ်းအင်ဟာ
တိုင်းပြည်တစ်ပြည်ရဲ့ စက်မှုလက်မှု လုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာသာမကဘဲ
ပညာရေး၊ ကျန်းမာရေးနဲ့ ဘာသာရေးကိစ္စတွေကအစ၊ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့အထိ
လူမှုဘဝတွေကို အလင်းရောင်ပေးနေတဲ့ ဌာန တစ်ခုလို့မြင်နိုင်ရမယ်။
လူသားအရင်းအမြစ်ကိုအခြေပြုပြီး
ဆောင်ရွက်နေကြတဲ့ လုပ်ငန်းတိုင်းမှာ အမှားနဲ့အမှန် ဆိုတာလည်းရှိမယ်၊ အကောင်းအဆိုး
ဆိုတာလည်းရှိမယ်၊ အမှားတွေနည်းပြီး အမှန်တွေများများလာဖို့၊ အဆိုးတွေနည်းပြီး
အကောင်းတွေများများလာဖို့ အပြုသဘောဆောင် တဲ့စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေရှိဖို့ လိုအပ်တယ်သမီးရဲ့။
တီလေးတို့ရဲ့နိုင်ငံကို အဘက်ဘက်က ပြန်လည်တည်ဆောက် နေကြရတဲ့ အခုလို အချိန်ကာလမှာ၊
အပျက်သဘောဆောင်တဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ကြဖို့သင့်ပါပြီဆိုတဲ့အကြောင်းကိုလည်း
အလေးအနက် ဖော်ပြနိုင်ရမယ်နော်သမီး။
သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနအနေနဲ့
ဒေသန္တရ အာဏာပိုင်တွေ ပူးပေါင်းပါဝင်တဲ့ အထူးစစ်ဆေးရေးအဖွဲ့တွေကို
ဖွဲ့စည်းပြီးတော့ စက်မှုဇုန်တွေ၊ အလုပ်ရုံတွေနဲ့ လူစည်ကားတဲ့ရပ်ကွက် တွေမှာ ဖြန့်ဖြူးရေးလိုင်းတွေ၊
မီတာတွေကို စနစ်တကျနဲ့ ပုံမှန် ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်တာ၊
လျှပ်စစ်ဥပဒေတွေနဲ့အကျုံးဝင်တဲ့ ပြစ်ဒဏ်တွေကို တိတိကျကျ ကျင့်သုံးဆောင်ရွက်တာ၊
တရားမဝင် ဓာတ်အား ခိုးယူသုံးစွဲတာတွေကိုခြွင်းချက်မရှိ တရားစွဲဆိုအရေးယူခြင်းနဲ့
ဒဏ်ငွေရိုက်တာတွေကို ဥပဒေနဲ့အညီ တင်းကျပ်စွာဆောင်ရွက်ခြင်းတွေ၊
ပြည်သူတွေအနေနဲ့လည်းကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့၊
တရားမဝင်ဓာတ်အားခိုးယူသုံးစွဲခြင်းတွေကို လျှို့ဝှက်စွာသတင်းပေး
တိုင်ကြားနိုင်အောင်၊ လွယ်ကူတဲ့စနစ်တွေကို ဖန်တီးပေးတာတွေ၊
တရားမဝင်လုပ်ဆောင်နေတဲ့သူတွေကို အများပြည်သူ သိရှိအောင်
ဖော်ထုတ်အရေးယူတာမျိုးတွေကအစပေါ့ သမီးရယ်။
လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့လည်း
သုံးစွဲသူတွေနဲ့ပူးပေါင်းပြီး တရားမဝင်လိုင်းဆွဲခွင့်ပြုခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမျိုးတွေမရှိစေဖို့အတွက်
ဌာနတွင်း စစ်ဆေးကြပ်မတ်ရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပြီး ပြစ်မှုကျူးလွန်တဲ့ဝန်ထမ်းတွေကို
ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့တွေကိုပါ ဆောင်ရွက်နေကြပြီဆိုတဲ့အကြောင်း
သမီးလေးသိစေချင်ပါတယ်။ တကယ်တော့လေ လျှပ်စစ်ဓာတ်အားကို
တရားမဝင်ခိုးယူသုံးစွဲခြင်းဟာ အခမဲ့ရရှိလိုက်တဲ့အရာ တစ်ခုဖြစ်ပေမယ့်
အသက်အိုးအိမ်စည်းစိမ်နဲ့ မိသားစုရဲ့အနာဂတ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ရာဇဝတ်မှု တစ်ခုပါသမီးလေး။
သမီးစာထဲမှာမပါတဲ့ အချက်အလက်လေးတွေကိုပါ တီလေးဖြေပေးလိုက်တယ်။ လိုအပ်တဲ့
အချက်အလက်ကိုထည့်ပြီးရေးပေါ့ကွယ်။
ဒီတစ်ပတ်တော့
တီလေးရေးတဲ့ စာလည်းရှည်သွားပြီ။ ထုံးစံအတိုင်း မြန်မာမလေးကိုနှုတ်ဆက်ချင်တဲ့
စေတနာစကားလေးတစ်ခွန်းရှိတယ်။ သမီးလေးရေ နိုင်ငံသားကောင်းမှ
နိုင်ငံကောင်းမှာဖြစ်လို့၊ အနာဂတ်မှာ နိုင်ငံတော်ကြီးရဲ့တာဝန်တွေကို
ပခုံးပြောင်းယူကြရမယ့် မျိုးဆက်သစ် လူငယ်လေးတွေ ကို သမီးတို့က အတန်းပညာရပ်တွေ၊
အတတ်ပညာရပ်တွေသာမကဘဲ စိတ်ဓာတ်ကောင်းတွေကိုပါ လက်ဆင့်ကမ်းပေးနိုင်တဲ့ ဥယျာဉ်မှူး
ကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်တဲ့ တီလေး။
No comments