အားအလွန်ကောင်းသည့် အယ်လ်နီညို ကြိုတင်ပြင်ဆင်မှုဖြင့် ရင်ဆိုင်ကျော်ဖြတ် (မြန်မာ့အလင်း)

 



အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက် နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များသည် စက်တင်ဘာလအတွင်း အားကောင်းရာမှ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေ အနေသို့ ရောက်ရှိနိုင်ပြီး ယခုနှစ်နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါခန့်မှန်းချက်မှာ ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတု ဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကိုအခြေခံ၍ ခန့်မှန်းသုံးသပ်ခြင်းဖြစ်သည်ဟု သိရသည်။


လက်ရှိဖြစ်ပေါ်နေသည့်အယ်လ်နီညိုသည် လာမည့်အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအကြား အပြင်းထန်ဆုံးဖြစ်ဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ ၁၉၇၂-၇၃ ခုနှစ်၊ ၁၉၈၂-၈၃ ခုနှစ်၊ ၁၉၉၇-၉၈ ခုနှစ်နှင့် ၂၀၁၅ - ၁၆ ခုနှစ်တို့တွင် ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အနက် ၂၀၁၅ - ၁၆ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်သည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အပြင်းထန်ဆုံးသော စူပါအယ်လ်နီညို ဖြစ်ခဲ့ပြီး အဆိုပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် ကမ္ဘာ့တိုက်ကြီးများတွင် ရာသီဥတုပုံစံများကို ပြောင်းလဲသွားစေခဲ့သည်။ ယခုဖြစ်ပေါ်နေသည့် အယ်လ်နီညိုသည် ၂၀၁၅ - ၁၆ စူပါအယ်လ်နီညိုထက် ပိုမိုပြင်းထန်နိုင်သည်ဟုခန့်မှန်းထားကြရာ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်သည်ဟုဆိုသည်။


အယ်လ်နီညို၏ပြင်းထန်မှုကို သိပ္ပံပညာရှင်များက တိုင်းတာကြရာတွင် ပစိဖိတ်သမုဒ္ဒရာ၏ အီကွေတာနေရာရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက်မည်မျှမြင့်တက်သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းတာကြခြင်းဖြစ်သည်။ အကယ်၍ ပင်လယ် ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် အနည်းဆုံး ဝ ဒသမ ၅ ဒီဂရီ မြင့်သည့်အခြေအနေတွင် ကာလအတန်ကြာရှိနေပါက အယ်လ်နီညိုဖြစ်ပေါ်နေသည်ဟုသတ်မှတ်သည်။ ပုံမှန်ထက် အပူချိန် ၂ ဒီဂရီအထက်မြင့်တက်နေပါက စူပါအယ်လ်နီညိုအဖြစ် သတ်မှတ်သည်။ ၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်စဉ်တွင် သမုဒ္ဒရာအပူချိန်သည် ၂ ဒသမ ၁ ဒီဂရီခန့်ရှိခဲ့ပြီး ယခုဖြစ်ပေါ်နေသည့် အယ်လ်နီညိုကို ၂ ဒသမ ၇ သို့မဟုတ် ၂ ဒသမ ၈ အထိရှိနိုင်ကြောင်းပညာရှင်များက ခန့်မှန်းထားကြသည်။


အဆိုပါ အယ်လ်နီညိုဖြစ်စဉ်များသည် နှစ်နှစ်မှ ခုနစ်နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး တစ်ကြိမ်ဖြစ်လျှင် ကိုးလမှ တစ်နှစ်ခန့်အထိ ကြာမြင့်လေ့ရှိသည်ဟုလည်းသိရသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့်အကျိုးသက်ရောက်မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်နွေကာလတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သည်။ မိုးနှောင်းကာလတွင် မိုးရွာသွန်းမှုလျော့နည်းနိုင်ပြီး အနောက်တောင် မုတ်သုံလေအချိန်စော၍ ဆုတ်ခွာသွားနိုင်သည်။ မိုးခေါင်ရေရှားမှုကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ပိုမို၍သတိပြုကြရန် လိုအပ်သည်ဟုလည်း သိရသည်။


လက်ရှိကာလတွင် အယ်လ်နီညို၏သက်ရောက်မှုကို ကမ္ဘာတစ်ဝန်း စတင်ခံစားနေရပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် မုတ်သုံရာသီမကုန်ဆုံးသေးသည့်အလျောက် အပူချိန်မြင့်မားသည့်အခြေအနေသို့ ရောက်ရှိမလာသေးဟု ဆိုနိုင်သည်။ အယ်လ်နီညိုကြောင့် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုကမောက်ကမအခြေအနေများ ဖြစ်ပေါ်နိုင်ရာ ကမ္ဘာ့ဒေသအချို့တွင် အပူချိန်မြင့်တက်ခြင်း၊ အချို့မိုးခေါင်ရေရှားခြင်း၊ အချို့ဒေသများ ပြင်းထန်သည့်မုန်တိုင်းများ တိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်း စသည့်ဖြစ်စဉ်များ ဖြစ်လာနိုင်သည်ဟု ဆိုသည်။


မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးခေါင်ရေရှားမှုအတွက် စိုက်ရေပျိုးရေများကို ကြိုတင်စုဆောင်းထားကြရန်၊ ရေကိုအကျိုးရှိရှိ ထိရောက်စွာသုံးစွဲရန်၊ ရေလိုအပ်ချက်နည်းပါးသည့် သီးနှံများနှင့် အပူဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးရန် စသည်ဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုသည်။ မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန်များအပူဒဏ်ခံရခြင်း၊ ရေရှားပါးနိုင်ခြင်း စသည့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအတွက် ပြင်ဆင်မှုများ ပြုလုပ် ထားကြရမည်လည်းဖြစ်သည်။


အယ်လ်နီညိုသည် မိမိတို့ရှောင်လွှဲ၍မရ၊ ရင်ဆိုင်ကြရမည်သာဖြစ်သော သဘာဝဖြစ်စဉ်ဖြစ်သည့်အလျောက် ကြိုတင်ပြင်ဆင် ကာကွယ်ကြခြင်းဖြင့် ပြင်းထန်သည့် သက်ရောက်မှုများမှ လျော့ပါးသက်သာနိုင်ကြပါမည် ဖြစ်သည့်အကြောင်း။ ။

No comments

Powered by Blogger.