အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် မြန်မာအသင်း နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်ခွင့်ရရှိ
ရန်ကုန် စက်တင်ဘာ ၃
၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ
အုပ်စု(K)
ဒုတိယနေ့ကို စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာအသင်းက ဘရူနိုင်းအသင်းကို ခုနစ်ဂိုးပြတ်
အနိုင်ရရှိသည်။
မြန်မာအသင်းသည် ပုံစံကောင်းပြသနိုင်ရန်
ရုန်းကန်ခဲ့ရပြီး မိနစ် ၇၀ ကျော်အထိ နှစ်ဂိုးသာသွင်းယူနိုင်သော်လည်း လက်ကျန်မိနစ်
၂၀ ဝန်းကျင်အတွင်း ငါးဂိုးထပ်မံသွင်းယူနိုင်သဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ပွဲချိန်ပြည့်နီးပါး တစ်ဖက်သတ် ဖိကစားနိုင်သော်လည်း
အကောင်းဆုံးပုံစံပြသနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
မြန်မာအသင်း နည်းပြချုပ်
ယူဂျီသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး စိုင်းခန့်မင်းညို(ဂိုး)၊ စွမ်းဇာနည်၊ သက်ပိုင်စိုး၊ ကြယ်ရောင်မင်းလေး၊
စိုင်းမိုဟန်၊ မျိုးခန့်ကျော်၊ အောင်သီဟ၊
ကျော်ညီညီ၊ သူရမင်းသန့်၊ ခန့်ဝင်းအောင်၊ သော်ဇင်ကိုတို့ကို အသုံးပြုခဲ့သည်။ ဘရူနိုင်းအသင်း၏
ခံစစ်ကစားပုံကြောင့် မြန်မာအသင်းသည်
ပွဲစကတည်းက တစ်ဖက်သတ်နီးပါး ဖိကစားနိုင်ခဲ့သည်။ သို့သော် တိုက်စစ်တွင်
ဘောလုံးအပျက်များနေသဖြင့် ၂၄ မိနစ်မှ ဂိုး စတင်ရရှိခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို
အောင်သီဟက သွင်းယူပြီး ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးထပ်သွင်းသဖြင့် ပထမပိုင်းအပြီးတွင် နှစ်ဂိုးပြတ် ဦးဆောင်နေသည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းက
ဂိုးထပ်ရရန် ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်သော်လည်း ပွဲကစားချိန် ၇၂ မိနစ်မှ
ပြိုင်ဘက်ကစားသမား မိုဟာမက် အာဇယီ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် တတိယဂိုးရခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့ပြီး
၇၄၊ ၈၃ မိနစ်တွင် သော်ဇင်ကို၊ ၈၁ မိနစ်တွင် စိုင်းဘိုဘိုကျော်၊
၈၂ မိနစ်တွင် ကျော်ညီညီတို့က သွင်းယူခဲ့သည်။
ဒုတိယပွဲတွင် မော်လ်ဒိုက်အသင်းက
သီရိလင်္ကာအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ထို့ကြောင့် ခြေစစ်ပွဲ အုပ်စု(K)တွင် မြန်မာအသင်းနှင့် မော်လ်ဒိုက်အသင်းတို့သည် နောက်ဆုံးပွဲ ထိပ်တိုက်မတွေ့ဆုံမီ
နောက်တစ်ဆင့် တက်ခွင့်ရရှိခဲ့သည်။ မြန်မာအသင်းနှင့် မော်လ်ဒိုက်အသင်းတို့သည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်
စက်တင်ဘာ ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ကိုညီလေး
ဓာတ်ပုံ
- စိုးညွန့်သော်

No comments