ကွမ်းတံတွေးကင်းစင် မြို့ပြတစ်ခွင်
ဝေဖြိုးအောင်
မြန်မာနိုင်ငံတွင် ကွမ်းစားခြင်း အလေ့အထရှိခဲ့သော်လည်း ခေတ်ကာလပြောင်းလဲလာပြီး မြို့ပြများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသောအခါ ထိုဓလေ့ထုံးတမ်းနှင့် ခေတ်မီမြို့ပြတည်ဆောက်ရေးတို့အကြား ကြီးမားသောပွတ်တိုက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အထူးသဖြင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းသည် မြို့ပြ၏အလှအပကို တိုက်ရိုက်ထိခိုက်စေရုံသာမက ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာခြိမ်းခြောက်လာလျက်ရှိပါသည်။
ကွမ်းယာကို အခြေခံလူတန်းစားမှ စ၍ လူတန်းစားမရွေး စားသုံးနေကြပြီး လမ်းဘေးကွမ်းယာဆိုင်ငယ်လေးများသည် မြန်မာ့မြို့ပြလမ်းမများ၏ နေ့စဉ် မြင်ကွင်းတစ်ခု ဖြစ်နေပါသည်။ ကွမ်းစား သူအများစုသည် စိတ်ရွှင်လန်းစေရန်၊ အိပ်ငိုက်ပြေစေရန်နှင့် အလုပ်လုပ်ရာတွင် အာရုံစူးစိုက်နိုင်ရန် အကြောင်းပြချက်များဖြင့် စားသုံးကြပါသည်။ သို့ရာတွင် ကျေးလက်ဒေသများ၌ မြေကြီးပေါ်သို့ ကွမ်းတံတွေးထွေးခြင်းသည် သဘာဝအလျောက် ပျောက်ကွယ်သွားနိုင်သော်လည်း ကွန်ကရစ်လမ်းများ၊ ကတ္တရာ လမ်းများ၊ အဆင့်မြင့် အဆောက်အအုံများနှင့် လူစည်ကားသော မြို့ပြပတ်ဝန်းကျင်တွင်မူ အနီရောင်ကွမ်းတံတွေးကွက်များသည် ဖျက်ရခက်သော အကျည်းတန် အစွန်းအထင်းများအဖြစ် ကျန်ရစ်နေ စေပါသည်။ မြို့ပြလူနေမှုစနစ်တွင် လူဦးရေထူထပ်မှု များပြားလာသည်နှင့် အမျှ ဤပြဿနာသည် ပိုမိုသိသာထင်ရှားလာပြီး အများပြည်သူဆိုင်ရာနေရာများကို ညစ်ညမ်းစေသည့် အဓိကအကြောင်း ရင်းတစ်ရပ်ဖြစ်လာပါသည်။
မြို့ပြအလှအပအပေါ် တိုက်ရိုက်သက်ရောက်မှုများ
မြို့ပြအလှအပဆိုသည်မှာ သန့်ရှင်း သပ်ရပ်သော လမ်းမများ၊ မျက်စိပသာဒ ဖြစ်စေသော ပန်းခြံများ၊ သပ်ရပ်သော အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ အပေါ်တွင်မူတည်ပါသည်။ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းကြောင့် ခုံးကျော် တံတားများ၊ ဓာတ်လှေကားများ၊ အများပြည်သူသုံးသန့်စင်ခန်းများ၊ ဘတ်စ်ကား မှတ်တိုင်များနှင့် လမ်းဘေးပလက်ဖောင်းများတွင် ထွေးထားသောကွမ်းသွေးများက မြို့ပြ၏ပုံရိပ်ကို ဆိုးရွားစွာကျဆင်း စေပါသည်။ နိုင်ငံတကာမှ လာရောက်ကြသော ဧည့်သည်တော်များ၊ သံတမန်များနှင့် ရင်းနှီးမြှုပ်နှံသူများ ဝင်ထွက်သွားလာရာ မြို့တော်များတွင် ဤကဲ့သို့သော မြင်ကွင်းများသည် နိုင်ငံ၏စည်းကမ်း လိုက်နာမှုနှင့် အုပ်ချုပ်ရေးယန္တရား၏ ထိရောက်မှုအပေါ် အပျက်သဘောဆောင်သော အမြင်များကို ချက်ချင်း ဖြစ်ပေါ်စေပါသည်။ သန့်ရှင်းသပ်ရပ်သော မြို့ပြပတ်ဝန်းကျင်သည် နိုင်ငံသားတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုသဖြင့် မြို့ပြ အလှအပကို ထိန်းသိမ်းရန်မှာ မရှိမဖြစ် လိုအပ်လှပါသည်။
စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာငွေယိုဖိတ်မှု
ကွမ်းတံတွေးများကြောင့် ညစ်ပေသွားသော အဆောက်အအုံများနှင့် လမ်းမများကို ပြန်လည်သန့်ရှင်းရေး လုပ်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း များအနေဖြင့် ဘဏ္ဍာငွေနှင့် လူ့စွမ်းအား အရင်းအမြစ်များကို သုံးစွဲနေရပါသည်။ ကွမ်းတံတွေးသည် သာမန်ရေဖြင့် ဆေးကြော၍မရဘဲ သန့်စင်ဆေးရည်များ၊ ဖိအားမြင့်ရေမှုတ်စက်များနှင့် ကျွမ်းကျင်လုပ်သားများကို နေ့စဉ်နှင့် အမျှ အသုံးပြုရန်လိုအပ်ပါသည်။
ယင်းလုပ်ငန်းစဉ်သည် အချိန်ကုန်၊ ငွေကုန်ကြေးကျ များပြားလှပါသည်။ ထို့ပြင် အစွန်းအထင်းများ မပြယ်နိုင် တော့သည့်အခါ နံရံများနှင့် လမ်းပြောင်း ကျောက်တုံးများကို မကြာခဏဆေးပြန် သုတ်ရခြင်း၊ အသစ်လဲလှယ်ရခြင်းများသည် မလိုအပ်သောအသုံးစရိတ်များ ဖြစ်လာစေပါသည်။ ဤသို့ ဘဏ္ဍာငွေများ လေလွင့်နေမည့်အစား အခြားသော မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြသန့်ရှင်းရေးစံညွှန်းများ
ကွမ်းစားခြင်းနှင့် ကွမ်းတံတွေး ထွေးခြင်းသည် အလှအပကိုသာမက ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်စေပါ သည်။ ကွမ်းယာစားသုံးခြင်းသည် ခံတွင်းကင်ဆာကို ဖြစ်စေနိုင်သော အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ ထို့ပြင် အများပြည်သူသွားလာ ရာနေရာများတွင် တံတွေးနှင့် ကွမ်းတံတွေးများ ထွေးခြင်းသည် တီဘီ (Tuberculosis - TB) ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါများကို လွယ်ကူစွာပြန့်ပွားစေပါသည်။ အချို့သော အဆောက်အအုံများတွင် ဆေးလိပ်သောက်ရန် သို့မဟုတ် ကွမ်းစားရန် သီးသန့်နေရာများ သတ်မှတ်ပေးလေ့ရှိသော်လည်း မှန်ကန်သော မြို့ပြကျန်းမာရေးမူဝါဒအရ ယင်းအလေ့အထများကို အားပေးအားမြှောက် မဖြစ်စေရန် ထိုကဲ့သို့သော သီးသန့်နေရာများ ထည့်သွင်းပေးခြင်းကို ရှောင်ကြဉ်ပြီး စည်းကမ်းချက်များကို တင်းကျပ်စွာ ချမှတ်ရမည် ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ
ကွမ်းယာစားသုံးမှုနှင့် ဆက်စပ်နေသော အခြားဆိုးကျိုးတစ်ခုမှာ ပလတ်စတစ်အမှိုက် ပြဿနာဖြစ်ပါသည်။ ကွမ်းယာများကို အများအားဖြင့် ပလတ်စတစ်အိတ်ငယ်များဖြင့် ထုပ်ပိုး ရောင်းချလေ့ရှိရာ စားသုံးပြီးနောက် စည်းကမ်းမဲ့စွန့်ပစ်လိုက်သော ပလတ်စတစ်ခွံများသည် လမ်းဘေးရေမြောင်းများ၊ မြေအောက်ရေဆင်းစနစ်များ အတွင်း ပိတ်ဆို့မှုကို ဖြစ်ပေါ်စေပါသည်။ ဤအခြေအနေသည် မိုးရာသီတွင် ရေစီး ရေလာကို ဟန့်တားစေပြီး မြို့ပြရေကြီး ရေလျှံမှုပြဿနာကို ပိုမိုဆိုးရွားစေပါ သည်။ ပလတ်စတစ်များသည် ဆွေးမြည့် ပျက်စီးရန် နှစ်ပေါင်းရာချီ ကြာမြင့်တတ်သဖြင့် မြေဆီလွှာအရည်အသွေးကို ကျဆင်းစေကာ မြို့ပြစိမ်းလန်းစိုပြည် ရေးလုပ်ငန်းစဉ်များကိုလည်း သွယ်ဝိုက် သောနည်းဖြင့် ထိခိုက်စေပါသည်။
နိုင်ငံတကာမှ မြို့ပြမူဝါဒ အတွေ့အကြုံများ
အာရှနိုင်ငံအချို့တွင် ကွမ်းစားခြင်း ဓလေ့ရှိကြသော်လည်း မြို့ပြအလှအပ အတွက် စနစ်တကျ ထိန်းချုပ်နိုင်ခဲ့သည် ကို တွေ့ရပါသည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံ၏ မြို့ပြသန့်ရှင်းရေးဥပဒေသည် အလွန်တင်းကျပ်ပြီး အများပြည်သူ ပိုင်နေရာများတွင် တံတွေး သို့မဟုတ် ကွမ်းတံတွေးထွေးခြင်းအတွက် ကြီးမားသော ဒဏ်ကြေးငွေ ပြဋ္ဌာန်းထားကာ ထိရောက်စွာ အရေးယူလျက်ရှိပါသည်။ ဤသို့ ဥပဒေစိုးမိုးမှုကို တိကျပြတ်သားစွာ ကျင့်သုံးခြင်းဖြင့် စင်ကာပူသည် ကမ္ဘာ ပေါ်တွင် အသန့်ရှင်းဆုံးမြို့တော်တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
အနာဂတ် စမတ်စီးတီးနှင့် စည်းကမ်းပြည့်ဝသော လူ့အဖွဲ့အစည်း
ခေတ်သစ်မြို့ပြများဖြစ်သော စမတ် စီးတီးများ တည်ဆောက်ရာတွင် နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရုံဖြင့် မလုံလောက်ဘဲ ထိုမြို့တွင် နေထိုင်ကြသော နိုင်ငံသားများ၏ အသိဉာဏ်၊ စည်းကမ်းသေဝပ်မှုနှင့် ယဉ်ကျေးမှုအဆင့်အတန်းသည် အလွန်အရေးကြီးပါသည်။ ဒီဂျစ်တယ် စနစ်ဖြင့် ယာဉ်ကြောထိန်းချုပ်မှုများ၊ လုံခြုံ ရေးကင်မရာများ အသုံးပြု၍ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူများကို ခြေရာခံ အရေးယူသည့် စနစ်များအထိ ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ သို့မှသာ အနာဂတ်မျိုးဆက်သစ် များအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလှပသော မြို့ပြလူနေမှုဝန်းကျင်ကို အမွေပေးနိုင်မည်ဖြစ်ပါသည်။
ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု
မြို့ပြသန့်ရှင်းရေးသည် အစိုးရနှင့်စည်ပင်သာယာရေးအဖွဲ့များ၏ တာဝန် သာမကဘဲ ပြည်သူတစ်ဦးချင်းစီတိုင်း တွင် တာဝန်ရှိပါသည်။ မိမိမြို့၊ မိမိ ရပ်ကွက် သန့်ရှင်းရေးဟူသောစိတ်ဓာတ် ကို မြှင့်တင်ပေးပြီး ပြည်သူလူထု ကိုယ်တိုင် ပူးပေါင်းပါဝင်လာစေမည့် လှုပ်ရှားမှုများကို ဖန်တီးပေးရမည်ဖြစ်ပါသည်။ ကွမ်းစားခြင်း၏ ကျန်းမာရေး ဆိုးကျိုးများနှင့် မြို့ပြအလှအပကို ဖျက်ဆီးခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများကို ပြည်သူများ သိရှိနားလည်စေရန် မီဒီယာများမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်သွား ရပါမည်။
ကွမ်းယာစားသုံးခြင်းသည် မြန်မာ့ ရိုးရာဓလေ့တစ်ခုဖြစ်သော်လည်း အများ ပြည်သူပိုင်နေရာများတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းသည် ခေတ်မီပြီး သန့်ရှင်းသာယာသော မြို့ပြတည်ဆောက်ရေးလုပ်ငန်းစဉ်များကို များစွာနှောင့်နှေး စေပါသည်။ မြို့ပြအလှအပသည် နိုင်ငံ တစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် စည်းကမ်းသေဝပ်မှုကို ထင်ဟပ် ပြသနေပါသည်။ ထို့ကြောင့် တာဝန်ရှိ အဖွဲ့အစည်းများ၏ ထိရောက်သောမြို့ပြ စီမံခန့်ခွဲမှု၊ တင်းကျပ်သော ဥပဒေ အာဏာတည်မှု၊ မူဝါဒပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတို့အပြင် ပြည်သူတစ်ဦးချင်းစီ၏ စည်းကမ်းလိုက်နာမှုနှင့် အသိ စိတ်ဓာတ်များ ပေါင်းစပ်မှသာလျှင် ကွမ်းသွေးအစွန်းအထင်း ကင်းစင်ပြီး လှပသန့်ရှင်းသော အနာဂတ်မြို့ပြများကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
၁။ World Health Organization (WHO) Report on Smokeless Tobacco and Public Health.
၂။ မြို့ပြမူဝါဒဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်းများ
(Urban Policy Research Papers)။

No comments