ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၃)ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ် တက်ရောက်
ရန်ကုန် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုံကျွင်း (Admiral Dungjun) ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၁၃)ကြိမ်မြောက် ပေကျင်း ရှန်ဆန်းဖိုရမ်သို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တုံကျွင်းက ပေကျင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (Beijing International Convention Center) ၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုပြီး မြန်မာ - တရုတ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က တည်ခင်းဧည့်ခံသော ဖိုရမ်ဖွင့်ပွဲ ကြိုဆိုနှုတ်ခွန်းဆက် ညစာစားပွဲသို့ ပါဝင်တက်ရောက်သည်။
စက်တင်ဘာ ၁၆ ရက်တွင် ဖိုရမ် ပထမနေ့စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် အပြင် ဖိုရမ်သို့ ပါဝင်တက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများနှင့် နှစ်နိုင်ငံ အလွတ် သဘောသီးသန့်တွေ့ဆုံမှုများကိုလည်း ဆောင်ရွက်သည်။
ညနေပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက ပေကျင်းမြို့ စစ်သမိုင်းပြတိုက်တွင် တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက် သည်။
စက်တင်ဘာ ၁၇ ရက်တွင် BICC ၌ ကျင်းပသော ဖိုရမ် ဒုတိယနေ့ စုံညီအစည်းအဝေးသို့ တက်ရောက် ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများနှင့် အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကာ တက်ရောက် လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားသည်။
(၁၃)ကြိမ်မြောက် ပေကျင်း ရှန်ဆန်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေးနှင့် သက်ဆိုင်သော အဆင့်မြင့် အရာရှိကြီးများနှင့် နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ပါဝင်တက်ရောက်ကြသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများကိုလည်း ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာသံရုံး (ပေကျင်း)သို့ သွားရောက်၍ သံရုံးနှင့်စစ်သံရုံးတို့မှ အရာရှိ / စစ်သည်/ မိသားစုဝင်များနှင့် သင်တန်းသားများကို တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20photos-6.jpg)
No comments