ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် ရှစ်ဦးထက်မနည်း သေဆုံး
စက်တင်ဘာ ၂၈
ထိုင်းနိုင်ငံတစ်ဝန်းတွင် စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုကြောင့် လူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများ ဘန်ကောက်အပါအဝင် ပြည်နယ် ၂၈ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာ ၁၆ ရက်မှ ၂၈ ရက်အတွင်း ပြည်နယ် ၄၂ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁ ဒသမ ၈ သန်း ရေဘေးသင့်ခဲ့သည်ဟု ထိုဌာန၏ပြောကြားချက်အရ သိရသည်။
ဘန်ကောက်အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ၄၈ နာရီနီးပါး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးကို ရေကြီးရေလျှံမှုဇုန်အဖြစ် ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ၏ မိုးလေဝသဌာနက ယနေ့တွင် ဘန်ကောက်နှင့် ၎င်း၏ပတ်ဝန်းကျင်တွင် မိုးရွာသွန်းမှု လျော့ကျသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာ ၂၈ နှင့် ၂၉ ရက်တို့ကို ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်ရှိ ပြည်နယ်သုံးခုအတွက် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ခဲ့သည်။
ရေကြီးမှုကြောင့် ဖြစ်ပေါ်နေသောအနှောင့်အယှက်များကို လျှော့ချနိုင်ရန် အစိုးရရုံးများနှင့် စာသင်ကျောင်းများကို ယာယီရပ်နားထားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ မိုးလေဝသဌာနက စက်တင်ဘာ ၂၈ ရက်နေ့တွင် နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားမည်ဟု ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments