ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို ခိုင်မာအားကောင်းစေရန်အတွက် သဘော တူညီချက်တစ်ရပ် လက်မှတ်ရေးထိုး

 


ဝါရှင်တန်   စက်တင်ဘာ   ၃၀

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို ခိုင်မာ အားကောင်းစေရန်အတွက် အမေရိကန်နည်းပညာလုပ်ငန်းကဏ္ဍမှ ထိပ်တန်းစွန့်ဦးတီထွင်သူ ခြောက်ဦးနှင့် သဘောတူညီချက်တစ်ရပ်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါခေါင်းဆောင်များတွင် အန်ထရိုပစ် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒါရီယိုအာမိုဒီနှင့် မီတာကုမ္ပဏီ အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘတ်ဂျ်တို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့က ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အိမ်ဖြူတော်သို့ သွားရောက်ခဲ့ကြသည်။

အဆိုပါသဘောတူညီချက်တွင် နည်းပညာကို ဘေးကင်းလုံခြုံစွာ တီထွင်ဖန်တီးရင်း တစ်ချိန်တည်းမှာပင် သုံးစွဲသူများနှင့် ပြည်သူလူထု၏ ယုံကြည်မှုကိုတည်ဆောက်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကုမ္ပဏီတစ်ခုချင်းစီအနေဖြင့် “ထိန်းချုပ်မှုနှင့် စစ်ဆေးမှု အဆင့်(၄)ဆင့်”ကို ကျင့်သုံးဆောင်ရွက်သင့်ကြောင်းလည်း ပါဝင်သည်။

ပထမအဆင့်တွင် တီထွင်ဆဲ AI မော်ဒယ်များအနေဖြင့် နည်းပညာစနစ်များကို မရည်ရွယ်ထားသောနည်းလမ်းများဖြင့် ဖောက်ထွင်းဝင်ရောက်ခြင်း(hacking) မပြုလုပ်မိစေရန် ခိုင်မာသောအတွင်းပိုင်း ထိန်းချုပ်မှုများ ပြုလုပ်ထားရှိခြင်း ဖြစ်သည်။

ဒုတိယအဆင့်တွင်  စနစ်များကို စောင့်ကြည့်စစ်ဆေးရန်နှင့် လိုအပ်ပါက ပြဿနာများကို ပြင်ဆင်ဖြေရှင်းရန် အတွင်းပိုင်း အဖွဲ့များ ထားရှိဆောင်ရွက်ခြင်းဖြစ်သည်။

တတိယအဆင့်တွင် စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြဿနာရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များက ရည်ရွယ်ထားသည့်အတိုင်း ထိရောက်စွာလုပ်ဆောင်နေခြင်း ရှိ၊ မရှိကို အကဲဖြတ်ရန် လွတ်လပ်သော ပြင်ပစစ်ဆေးသူ သို့မဟုတ် အကဲဖြတ်သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

နောက်ဆုံးအဆင့် ထိန်းချုပ်မှုတွင် စစ်ဆေးသူများနှင့် အကဲဖြတ်သူများထံမှ အစီရင်ခံစာများကို လက်ခံရယူရန်အတွက် ဒါရိုက်တာဘုတ်အဖွဲ့၏ လွတ်လပ်သောကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားရှိခြင်း ဖြစ်သည်။

ယခုသဘောတူညီချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုနှင့်တူညီကြောင်းနှင့် AI လုပ်ငန်းကဏ္ဍကို ကြီးကြပ်ကွပ်ကဲရန်အတွက် အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သော  ကော်မတီတစ်ရပ်ဖွဲ့စည်းရန် စဉ်းစားနေကြောင်းလည်း သမ္မတထရမ့်က  သတင်းထောက်များအား ပြောကြားခဲ့သည်။         

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.