ထိုင်းနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် သုဝဏ္ဏဘူမိလေဆိပ်၌ လုပ်ငန်းလည်ပတ်မှု အခက်အခဲကြုံတွေ့နေရ

 


ဘန်ကောက်   စက်တင်ဘာ   ၃၀

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း  ထိုင်းနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများသည် ဘန်ကောက်မြို့အနီးရှိ နိုင်ငံ၏ အဓိကနိုင်ငံတကာလေဆိပ်တွင် လုပ်ငန်းလည်ပတ်မှုများကို ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ခရီးသည်အချို့က ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော်လည်း သုဝဏ္ဏဘူမိလေဆိပ်၌ ၎င်းတို့၏ ခရီးဆောင်အိတ် များကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးပေ။ ရေကြီးမှုများကြောင့် ဝန်ထမ်းအချို့မှာ လုပ်ငန်းခွင်သို့ လာရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ထိုင်းနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော ထိုင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။

အဆိုပါအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လေကြောင်းလိုင်းက  ခရီးသည်များ ဆိုက်ရောက်ရာခန်းမတွင် ယာယီကောင်တာများ   ဖွင့်လှစ်ထားရှိသည်။

သို့သော် စက်တင်ဘာ ၃၀ ရက်အထိ ခရီးသွားများက ၎င်းတို့၏ ခရီးဆောင်အိတ်များကို လာရောက်ထုတ်ယူခဲ့ကြ သော်လည်း အိတ်ပေါင်း ၈၀၀၀ ခန့်မှာမူ  ကျန်ရှိနေဆဲဖြစ်သည်။

လန်ဒန်မြို့မှ အမျိုးသားတစ်ဦးက ၎င်းအနေဖြင့် သုံးရက်အကြာက ရောက်ရှိခဲ့သော မိတ်ဆွေတစ်ဦးအတွက် ခရီးဆောင် အိတ်ကို လာရောက်ထုတ်ယူခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ယခင်က ယခုကဲ့သို့သောအခြေအနေမျိုးနှင့်  မည်သည့်အခါမျှ    မကြုံတွေ့ခဲ့ဖူးကြောင်းလည်း ပြောကြားခဲ့သည်။

ခရီးဆောင်အိတ်များ သယ်ယူပို့ဆောင်ရာတွင် ကူညီပေးနိုင်ရန်အတွက် တပ်မတော်သားများကိုလည်း လေဆိပ်သို့ စေလွှတ်ထားကြောင်း သိရသည်။

ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းခရီးစဉ် ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရပြီး လုပ်ငန်းလည်ပတ်မှုများ   ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နောက်ထပ်ရက်အနည်းငယ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကြောင်း ထိုင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.