ပူတာအို နံနက်ခင်းဈေးအတွင်း ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ သား/ငါးများနှင့် ရေခဲတောင်မှ ထွက်ရှိသည့်ဆေးဖက်ဝင်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား

 


မြစ်ကြီးနား စက်တင်ဘာ ၃၀

 

ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော နေရာတစ်ခုဖြစ်သည့် ပူတာအို နံနက်ခင်းဈေးအတွင်း ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ သား/ငါးများနှင့် ရေခဲတောင်မှထွက်ရှိသည့် ဆေးဖက်ဝင်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဟင်းသီးဟင်းရွက်များကို ဝယ်ယူအားပေးခဲ့သည်။

 

ဆက်လက်၍ ပူတာအိုမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆေးရုံဓာတ်မှန်ဌာန၌ တရုတ်နိုင်ငံထုတ် Browiner (100 MA Digital X-Ray) ဓာတ်မှန် စက်သစ်ဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှုပေးနေသည့် အခြေအနေနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူ လျက်ရှိသည့် လူနာများအား လိုက်လံနှုတ်ဆက် အားပေးကာ ပံ့ပိုးငွေများပေးအပ်သည်။ ထို့ပြင် ဆေးရုံကြီး  ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၃၃ သိန်းနှင့် ဆေးဝါးကုသမှုခံယူနေသည့် လူနာ ၆၈ ဦး တို့အတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ပေးအပ်သည်။

 

ထိုမှတစ်ဆင့် ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း ပူတာအိုခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌ ဖလား အသက် (၁၇)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်၍ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများနှင့် ဘောလုံးပြိုင်ပွဲအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသူများ၏ တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကိုကြည့်ရှုအားပေးသည်။

 

ထို့နောက် ဗိုလ်လုပွဲစဉ်အဖြစ် အထက (ပူတာအို) အသင်းနှင့် အထက (မချမ်းဘော) အသင်းတို့၏ ယှဉ်ပြိုင်မှုကို ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် အနိုင်ရဗိုလ်စွဲသွားသည့် အထက (ပူတာအို)အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.