ကလေးမြို့နယ် ဖောင်ကူးကျေးရွာနှင့် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

 


နေပြည်တော် စက်တင်ဘာ ၂

 

စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ နရဉ္ဇရာချောင်းမှ ချောင်းရေလျှံခြင်းများ ဖြစ်ပေါ်ပြီး ဖောင်ကူးကျေးရွာအတွင်း ရုတ်တရက် ချောင်းရေများ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။

 

ထို့ကြောင့် အဆိုပါကျေးရွာမှ ဒေသခံပြည်သူများအား ရေးဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင် နိုင်ရန်အတွက် အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများကို ကလေးမြို့ မြို့တော်ခန်းမနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ယာယီရေဘေးရှောင် စခန်းများဖွင့်လှစ်၍ ရွှေ့ပြောင်း ပေးလျက်ရှိပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့ပြင် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ခိုင်ကမ်းမြို့ရှိ ဆည်ကြီးချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ရေတိုက်စား၍ ချောင်းကမ်းပါး ပြိုကျကာ အမှတ်(၁)ရပ်ကွက်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ၎င်းအနီးရှိ နေအိမ်တစ်လုံး ရေစီးနှင့် မျောပါသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ချောင်းရေကြီးမှုကြောင့် ခိုင်ကမ်းမြို့ပေါ်ရပ်ကွက် များအတွင်းသို့ ရေဝင်ရောက်မှု မရှိကြောင်း၊ လူ၊ တိရစ္ဆာန် သေဆုံးထိခိုက်မှု မရှိကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့များက စနစ်တကျ စုဖွဲ့စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်

No comments

Powered by Blogger.