တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၂
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၃၅ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၅ ဒသမ ၄၄ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ဦးစွာ ဘိုကလေးမဲဆန္ဒနယ်မှ ဦးစန်းမောင်၏ ဧရာဝတီတိုင်းဒေသကြီး၌ ဓာတ်မြေဩဇာစက်ရုံကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်တွင် ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အရည်အသွေးပြည့်မီသော သဘာဝဓာတ်ငွေ့ရရှိနိုင်မှု အခြေအနေနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ချိတ်ဆက်နိုင်မှုအခြေအနေများအရ လတ်တလောတွင် တည်ဆောက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ ပြည်တွင်းမှ သဘာဝဓာတ်ငွေ့များတိုးမြင့်ရရှိလာမှုနှင့်အတူ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ပြီးစီးပါက နယ်မြေဒေသ၏လိုအပ်ချက်နှင့် ဈေးကွက်ဖြစ်ထွန်းမှုအခြေအနေအလိုက် ဓာတ်မြေဩဇာစက်ရုံအသစ်များ တည်ဆောက်ခြင်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လပွတ္တာမဲဆန္ဒနယ်မှ ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေ၏ လပွတ္တာမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်များနှင့် ရေယာဉ်များတွင် အသုံးပြုရန်အတွက် စက်သုံးဆီအား လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လပွတ္တာမြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်များနှင့် ရေယာဉ်များတွင်အသုံးပြုရန်အတွက် စက်သုံးဆီအား လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့အနေဖြင့် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်းနှင့် လိုအပ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး (ခ) အောင်ဇော်မိုးထွန်း၏ မူဆယ်မြို့တွင် စက်သုံးဆီ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် စက်သုံးဆီကို တရုတ်နိုင်ငံမှ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်အားမည်သည့်အချိန်တွင် စတင်ချထားပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိနယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများရှိနေသော်လည်း ယခင်တင်သွင်းခဲ့မှုအခြေအနေအရလည်းကောင်း၊ အခြား နယ်စပ်စခန်းများမှ တင်သွင်းနိုင်မှု အခြေအနေများအရလည်းကောင်း စိစစ်၍ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ရန် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဓနုဖြူမဲဆန္ဒနယ်မှ ဦးနိုင်ဝင်း၏ ဓနုဖြူမြို့နယ် ဖန်ခါးကွင်း ကျွဲတလင်းနှင့် ညောင်ကုန်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်ရှိ ဖန်ခါးကွင်း-ကျွဲတလင်း- ညောင်ကုန်းကျေးရွာချင်းဆက် မြေသားလမ်း ၂ မိုင် ၁ ဖာလုံရှိသည့်အနက် ကျောင်းစုကျေးရွာအုပ်စုမှ ဖန်ခါးကွင်းကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့၏ ရွာချင်းဆက်မြေသားလမ်းသည် အရှည်ပေ ၈၅၀၀ ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေး သည့်အတွက် ဌာနပိုင်လမ်းစာရင်းတွင် ထည့်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
အဆိုပါလမ်းမှာ အကျယ် ၁၅ ပေခန့်သာရှိသော မြေသားလမ်းဖြစ်သည့်အတွက် လိုအပ်သော လမ်းအကျယ်ရရှိသည်အထိ လမ်းတာပေါင်ချဲ့ခြင်းလုပ်ငန်းအား ဦးစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်အတွင်းမှ ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ထပ်မံလိုအပ်ပါက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကျန်အပိုင်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မာန်အောင်မဲဆန္ဒနယ်မှ ဦးကျော်သန်း၏ မာန်အောင်မြို့နယ် ဆင်နားချောင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိ ကျန်ကျောက်ချောလမ်းအား ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ဆင်နားချောင်ကျေးရွာမှ ဒိုးတန်းရွာထိလမ်းပိုင်းသည် စုစုပေါင်းအရှည် ၆ မိုင် ၄ ဒသမ ၁၅ ဖာလုံရှိပြီး ဆင်နားချောင်ကျေးရွာမှ လက်မဲပြင်ကျေးရွာအထိလမ်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းပိုင်း ဖြစ်ပါကြောင်း။
သိမ္ဘလ - ဆင်နားချောင် - ကင်းတဲ - လက်မဲပြင်အထိ လမ်းအရှည် ၅ မိုင် ၀ ဒသမ ၁၅ ဖာလုံရှိရာ လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေ ကွန်ကရစ်လမ်း ၁ မိုင် ၃ ဒသမ ၃၅ ဖာလုံနှင့် ကျောက်ချောလမ်း ၃ မိုင် ၄ ဒသမ ၈ ဖာလုံဖြစ်ပြီး ပျက်စီးနေသောလမ်းပိုင်း ၃ မိုင် ၂ ဒသမ ၃ ဖာလုံအား ဗြုန်းကျောက်စရစ်ခင်း ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၃၈ ဒသမ ၇ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိလမ်းပိုင်းအနက် ၂ ဒသမ ၅ ဖာလုံကို ကွန်ကရစ် လမ်းအဖြစ် လာမည့်ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
လက်မဲပြင် - ဒိုးတန်း - နဂါးလမ်းအထိ လမ်းအရှည် ၄ မိုင် ၄ ဖာလုံရှိပြီး သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော Class (B) အဆင့်လမ်းဖြစ်ပါကြောင်း၊ လက်မဲပြင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိ ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံရှိပြီး ရာသီမရွေး သွားလာနိုင်သောလမ်းဖြစ်၍ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်ပါက ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်အတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ဒိုးတန်းကျေးရွာမှ နဂါးကျေးရွာအထိ မြေသားလမ်း ၃ မိုင်ရှိပြီး ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဆောင်ရွက်လျက်ရှိရာ မြေသားလမ်း ၃ မိုင်အနက် ၁ မိုင်အား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ပူတာအိုမဲဆန္ဒနယ်မှ ဦးရားနီ၏ ပူတာအိုမြို့နယ် ပန်းလှိုင်ရပ်ကွက်နှင့် ပူတောင်းကျေးရွာဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ပန်းလှိုင် - ပူတောင်း - မုဒုံလမ်းသည် စုစုပေါင်း လမ်းအရှည် ၂ မိုင် ၇ ဖာလုံရှိပြီး ပြည်နယ်မှ စီမံ ခန့်ခွဲသော Class (A) အဆင့် ကျောက်ချောလမ်းဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စုစုပေါင်းလမ်း အရှည် ၂ မိုင် ၇ ဖာလုံအနက် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုးညှင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ မိုးညှင်းမြို့နယ်၊ မိုးညှင်း - ညောင်ကိုင်း - ကာတူလမ်းပေါ်တွင် သံကူကွန်ကရစ် နန့်ရင်းချောင်းကူးတံတားတစ်စင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မိုးညှင်းမြို့နယ် မိုးညှင်း - ကာဒူ - ညောင်ကိုင်းလမ်းပေါ်တွင် ဆွစ်ဇာလန်နိုင်ငံမှ လှူဒါန်းထားသော အရှည် ၂၁၁ ပေ၊ အကျယ် ၅ ပေရှိ သံမဏိကြိုးဆိုင်းတံတား တည်ရှိပါကြောင်း၊ မိုးတွင်းကာလမှအပ ကျန်ကာလများတွင် ချောင်းအတွင်းမှ ယာဉ်များသွားလာနိုင်ပြီး ကြိုးတံတားအပေါ်မှ လူနှင့်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ပါကြောင်း။
ညောင်ကိုင်းနှင့် ကာဒူကျေးရွာတို့သည် ရာသီမရွေး သွားလာနိုင်ခြင်း၊ ဆက်သွယ်ရေး ပြတ်တောက်မှုမရှိခြင်း၊ အကျိုးပြုရလဒ်အနေဖြင့် ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၄၆၅ အိမ်၊ လူဦးရေ ၂၄၀၀၊ စိုက်ပျိုးဧက၊ ပညာရေးအနေဖြင့် အလယ်တန်းကျောင်းနှစ်ကျောင်းရှိပြီး ကျန်းမာရေးအနေဖြင့် မိုးညှင်းမြို့သို့ ၅ မိုင်သာကွာဝေးပြီး ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းမကြီးများမှတစ်ဆင့် အသုံးပြုသွားလာနိုင်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုပါတံတားသည် ဒုတိယဦးစားပေးလမ်းပေါ်တွင် တည်ရှိသဖြင့် သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် လတ်တလော ဦးစားပေးအစီအစဉ်တွင် မပါဝင်သေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံ၏ မိုင်းရှူးမြို့နယ်၌ အားကစားကွင်း ပွဲကြည့်စင်အား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက နိုင်ငံတော်အကြီးအကဲက ပြည်သူများ၏ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးနှင့်ပတ်သက်၍ ဒေသအလိုက် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးရန်နှင့် အားကစားကွင်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်အရ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းမီ အားကစားကွင်း၊ အားကစားရုံများနှင့် ဒေသတွင်းအားကစားပြိုင်ပွဲများ ကြည့်ရှုအားပေးနိုင်ရေးအတွက် ပွဲကြည့်စင်များကို ဖြည့်ဆည်းဆောက်လုပ်ပေးလျက်ရှိပါကြောင်း။
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်တွင် လူဦးရေ ၁၇၄၆၄၀ ရှိပြီး မြေဧရိယာ ၄ ဒသမ ၆၅ ဧကရှိ မိုင်းရှူးမြို့နယ်အားကစားကွင်းမှာ နှစ် (၃၀) မြေဂရန်ရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ အားကစားကွင်းအတွင်း အလျား ပေ ၁၃၀၊ အနံပေ ၃၀ ရှိ ကွန်ကရစ်ပွဲကြည့်စင်နှစ်ထပ် တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၁၇၀ အား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုးကောင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းအောင်၏ မိုးကောင်းမြို့ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ အောက်ခင်းကြမ်းပြင်ပြုပြင်ပေးရန်နှင့် ဘောလုံးကွင်းပွဲကြည့်စင်တစ်ခု ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးညီညီက ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၏ ပျက်စီးနေသော အောက်ကြမ်းခင်းပြုပြင်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၅၄၀ နှင့် အထူးတန်းပွဲကြည့်စင်၏ ဘယ်ဘက်တွင် ရိုးရိုးတန်းပွဲကြည့်စင် အလျား ပေ ၈၀ ၊ အနံပေ ၃၀ တစ်ခုအား တည်ဆောက်နိုင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၆၄ သန်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျငွေကျပ် ၁၁၀၄ သန်းတို့အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါကဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားသည်။
တနိုင်းမဲဆန္ဒနယ်မှ ဦးမြင့်ကို၏ တနိုင်းမြို့နယ် ကင်ဆားရာရပ်ကွက် ပြည်သူ့အားကစားကွင်း၌ ဘောလုံးကွင်းပတ်လမ်း၊ ပွဲကြည့်စင်၊ လူငယ်လေ့ကျင့်ရေး ဘောလုံးကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းရုံတို့ကို တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးညီညီက ကချင်ပြည်နယ် တနိုင်းမြို့နယ် ကင်ဆားရာရပ်ကွက် ပြည်သူ့အားကစားကွင်းအတွင်းတွင် အားကစားခန်းမ၊ အထူးတန်းပွဲကြည့်စင်၊ စကိုးဘုတ်နှင့် ရုံးအဆောက်အအုံများ ဆောက်လုပ်ထားရှိပြီး စုစုပေါင်း မြေဧရိယာ အလျားပေ ၄၉၀၊ အနံပေ ၃၇၀ သာကျန်ရှိသည့်အတွက် တနိုင်းအားကစားကွင်းအတွင်း မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းဖောက်လုပ်ရန်အတွက် မြေဧရိယာလုံလောက်မှုမရှိပါသဖြင့် ဆောင်ရွက်ပေး၍မရနိုင်ပါကြောင်း၊ မြေဧရိယာအကျယ်အဝန်း အလျား ၆၂၂ ပေ၊ အနံ ၃၃၄ ပေ ရှိမှသာ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။
တနိုင်းမြို့နယ်အားကစားကွင်းအတွင်း လက်ရှိပွဲကြည့်စင် (ပေ ၁၀၀ ၊ ပေ ၄၀) အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေမှ ငွေကျပ်သန်း ၉၀ ဖြင့် တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ တနိုင်းမြို့နယ်အားကစားကွင်း ရိုးရိုးတန်းပွဲကြည့်စင် (ပေ ၁၀၀ ၊ ပေ ၄၀ ) တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သန်း ၇၂၀ နှင့် ဖူဆယ်အားကစားရုံ (ပေ ၁၅၀ ၊ ပေ ၁၁၀) တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျ ငွေကျပ်သန်း ၃၃၀၀၊ စုစုပေါင်း ငွေကျပ်သန်း ၄၀၂၀ တို့အား ဦးစားပေးအလိုက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားသည်။
မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်၏ မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေး မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးညီညီက အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ထားခြင်းမရှိသေးသည့်အတွက် ဖွင့်လှစ်နိုင်ရန် ပထမဦးစားပေးမြေနေရာနှင့် ဒုတိယဦးစားပေးမြေနေရာများကို လျာထားခဲ့ပါကြောင်း။
အဆိုပါလျာထားမြေနေရာနှစ်ခုအနက် ပထမဦးစားပေးမြေနေရာအား အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင်မြေ ပိုင်ဆိုင်မှုရရှိစေရေးအတွက်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိရေးအတွက် တစ်နှစ်အတွင်းရေးဆွဲထားသော မြေစာရင်းပုံစံ (၁၀၅/၁၀၆) လိုအပ်သည့်အတွက် ရေးဆွဲ၍ မြို့နယ်မြေစာရင်းဦးစီးဌာနသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ မကွေးမြို့နယ် သပြေစမ်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၀-ဂ)၊ အကွက် အမည် (တာလမ်းတောင်ကွင်း)၊ မြေဧရိယာ ၅၂ ဒသမ ၀၉ ဧကအား အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိပြီးပါက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်နိုင်ရေးအတွက် နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရ၏ လက်ပံတန်းမြို့နယ် အုန်းကုန်းရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ကာကွယ်ထိန်းသိမ်းရေးအတွက် စီမံချက်များအား လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက လက်ပံတန်းမြို့နယ် ကွမ်းသီး တပင်ကျေးရွာအုပ်စု အုန်းကုန်းရွာအနီး ကမ်းပြိုကမ်းစားမှု ကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရေလမ်းကြောင်း ပြောင်းလဲမှုအရ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ကွင်းဆင်းတိုင်းတာ စစ်ဆေးပေးသွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းတိုင်းတာ စစ်ဆေးချက်အပေါ်မူတည်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လျာထားနိုင်ရေး တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းနှင့် ရန်ပုံငွေရရှိပါက ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သရက်ချောင်းမဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်း၏ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင်ဆိပ်ခံဗောတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ဆင်ဖြူပြင်ဆိပ်ခံ ဗောတံတားအား သံကူကွန်ကရစ် ဆိပ်ခံတံတားအဖြစ် ပြောင်းလဲတည်ဆောက်ရန်အတွက် နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်လာချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုဆောင်ရွက်ပြီး ရရှိလာသည့် လေ့လာဆန်းစစ်မှု အစီရင်ခံစာအရ တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
နောင်မွန်းမဲဆန္ဒနယ်မှ ဦးရယ်ဒမ်းတန်၏ နောင်မွန်းမြို့ ကဆန်ချောင်းကမ်းပြိုကာကွယ်ရေးအတွက် မြေထိန်းနံရံ ထပ်မံမြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ကချင်ပြည်နယ်၊ နောင်မွန်းမြို့ ကဆန်ချောင်းအတွင်း ပျက်စီးသွားသည့် ကမ်းထိန်းနံရံများအားပြုပြင်ခြင်းနှင့် ဆောင်ရွက်ပြီးသော ကမ်းထိန်းနံရံနောက်ဘက်ရှိ တိုက်စားလွယ်သော ကမ်းပါးများအား အမြင့် ၁၀ ပေအထိ မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြစ်ကြောင်းနှင့် မြစ်ကမ်းပါးပြောင်းလဲမှုအခြေအနေများအား ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားမည်ဖြစ်ပါကြောင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မည့်အချိန်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်ဇော်ထက်၏ ဧရာဝတီမြစ်ကမ်း ဆိပ်ဖြူဘက်ခြမ်းတွင် သောင်တူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ဧရာဝတီမြစ်ကမ်း ဆိပ်ဖြူဘက်ခြမ်းတွင် သောင်တူးဖော်ခြင်းလုပ်ငန်းသည် ဧရာဝတီမြစ် ပင်မအစီအမံအရ လိုအပ်သည့်မြစ်အကျယ်ရရှိရေး ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ခြင်း၊ သောင်တူးရာမှ ထွက်ရှိလာသည့် တူးစာများကို ဆိပ်ဖြူဘက်ကမ်း၌ စွန့်ပစ်ရာတွင် အလွယ်တကူ ပြန်လည်ပို့ချခြင်း၊ မျောပါခြင်းမရှိစေရန် စက်ကြီးများဖြင့် စနစ်တကျဖိကြိတ်ဆောင်ရွက်ထားခြင်း၊ မြစ်အကျယ်ချဲ့ခြင်းဖြင့် အနော်ရထာတံတား၏ တံတားတိုင် ရေတိုက်စားဒဏ်ခံရမှုအား လျှော့ချပေးနိုင်ခဲ့၍ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်မှုလုံခြုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ပေးနိုင်ပါ၍ အမှန်တကယ်ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် လေ့လာဆန်းစစ်မှုများ သေချာစွာပြုလုပ်ပြီးမှ ဆောင်ရွက်ခဲ့သောလုပ်ငန်းဖြစ်ပါကြောင်းနှင့် အနာဂတ်အစီအမံဖြစ်သော ယောချောင်းရေစီးရေလာကောင်းမွန်စေရန် ချောင်းဝဖြောင့်ခြင်းလုပ်ငန်းနှင့်အတူ ကမ်းထိန်းခြင်းလုပ်ငန်းများကိုလိုအပ်ပါက ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း၏ အင်္ဂပူမြို့နယ် နောက်မီးအုပ်စုနှင့် ဝက်လဟာအုပ်စုအတွင်းရှိ ကျေးရွာများမြစ်ကမ်းထိန်းခြင်းနှင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းအား အရေးတကြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မကျီးစုကျေးရွာ၊ ကညင်တပင်ကျေးရွာ၊ ကြို့ကုန်းကျေးရွာတို့နှင့် အင်္ဂပူ-ညောင်ကျိုးကားလမ်း ကမ်းပြိုကမ်းစားခြင်းမှ ရေရှည်ကာကွယ်နိုင်ရန်မှာ တိုက်ရိုက်ကာကွယ်သည့် နည်းစနစ်ထက် သွယ်ဝိုက်ကာကွယ်သည့် နည်းစနစ်ဖြစ်သော Pilot Channel မြစ်ဖြတ်မြောင်းဖောက်လုပ်နိုင်မှသာ ထိရောက်အောင်မြင်နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက်သည်မှန်ကန်ပါသဖြင့် မြစ်ဖြတ်မြောင်း ဖောက်လုပ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့ သဘောတူညီမှုရရှိစေရန် ဦးစွာညှိနှိုင်းဆွေးနွေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆွေးနွေးမှုရလဒ်အပေါ်မူတည်ပြီးမှသာ ငဝန်မြစ်ဖြတ်တူးမြောင်း ဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ငဝန်မြစ်ရေ တိုက်စားမှုကာကွယ်ရေးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မည့်အချိန်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာအကူအညီများ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ကသာမဲဆန္ဒနယ်မှ ဦးတင်ဌေးက “ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာရေးကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်စေရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ ကလေးဝမဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်က ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ အမည်ကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ကော်မတီဟုပြင်ဆင်ပြီး ကော်မတီဝင်များ အစားထိုး ပြောင်းလဲခြင်းကိုလည်းကောင်း၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ တာဝန်များအား ပြင်ဆင်သတ်မှတ်ခြင်းကိုလည်းကောင်း လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် မြန်မာ-ဗီယက်နမ်၊ မြန်မာ-ဂျပန်၊ မြန်မာ-တရုတ်နှင့် မြန်မာ-လာအို လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းကြောင်းနှင့် ယင်းအဖွဲ့များတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်းများ၊ အဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၏ အမည်စာရင်းများကို လွှတ်တော်သို့အသိပေးတင်ပြပြီး အတည်ပြုချက်ရယူသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားသော “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ လွှတ်တော်ကပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်၏အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူသည့်အတွက် ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments