အမျိုးသားပြတိုက်(ရန်ကုန်)သို့ တာမွေမြို့နယ်ရှိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာ
ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် ဆရာ ဆရာမများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့
ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောက်လေ့လာကြသည်။
သွားရောက် လေ့လာရာတွင် ကျောင်းသား ကျောင်းသူများသည်
အမျိုးသားပြတိုက် (ရန်ကုန်)ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊
ရတနာပုံခေတ်ပြခန်း၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီ ခေတ်ပြခန်း၊ မြန်မာ့မြို့ပြ
ယဉ်ကျေးမှုပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြန်မာ့သုခုမအနုပညာပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်း၊
မြန်မာ့ရှေးဟောင်း အဆင်တန်ဆာရတနာပြခန်း၊ မြန်မာပန်းချီခန်းမဆောင်၊ ဗုဒ္ဓအနုပညာပြခန်း၊
အာဆီယံနိုင်ငံများအကြောင်းပြခန်း၊ တိုင်းရင်းသား ယဉ်ကျေးမှုပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြရာ
အမျိုးသားပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးသည်။
လေ့လာကြည့်ရှု
အမျိုးသားပြတိုက်(ရန်ကုန်)ကို တနင်္လာနေ့နှင့်
ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးထားရာ
ဝင်ကြေးအနေဖြင့် လူတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ သတ်မှတ်ထားပြီး သံဃာတော်၊ သီလရှင်၊ ကျောင်းသား
ကျောင်းသူများနှင့် အသက် (၁၂)နှစ်အောက် ကလေးငယ်များ အနေဖြင့် (အခမဲ့) လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း၊
နိုင်ငံခြားသားဖြစ်ပါက တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁၀၀၀၀ ဖြင့် လာရောက်ကြည့်ရှုနိုင်ကြောင်းနှင့်
လက်မှတ်များကို ညနေ ၄ နာရီအထိ နောက်ဆုံးထား၍ ဝယ်ယူနိုင်ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)

No comments