ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်
ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇
ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီ မြစ်ခွဲ) တွင်
ဩဂုတ် ၂၅ ရက် နံနက် ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ
အိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ၌ ရေတိုက်စားမှုကြောင့်
တာမိုင် (၁၂/၂) နှင့် (၁၂/၃) ကြားရှိ စွန့်ပစ်တာ၌ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင်
အလျားပေ ၁၆၀ နှင့် အနံ ၁၅ ပေခန့် ထပ်မံ၍တာပြိုကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ပြိုကျမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌
ရေတိုက်စားမှု ကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်း ဆောင်ရွက်ခြင်း၊ တာမိုင်အမှတ်
(၁၂ / ၂) ပေ ၅၀၀ နှင့် (၁၂ /၃) ကြားတွင် မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊
ယာယီပန်းတာ တည်ဆောက်ခြင်းနှင့် ကမ်းရင်းတာခြေတုတ်ရိုက် သဲဖြည့်ခြင်း၊ တာမိုင်အမှတ်
(၁၁/ ၅) နှင့် (၁၁/ ၆) ကြားတွင် ယာယီပန်းတာတည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍
လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း
ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့်
ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်း
ဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့်
ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ
ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ယနေ့အထိ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း
သိရသည်။
အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို
ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ ငဝန်ပန်းတာရေဝင်လမ်းအား
(Geobags) အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်း၊
Steel Sheet Pile များ ရိုက်သွင်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ
ယနေ့တွင် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သည့်နေရာ၌ Steel Sheet Pile များအား အပြီးသတ်ရိုက်သွင်းပြီးဖြစ်ကြောင်းနှင့်
Steel Sheet Pile များ တောင့်တင်းခိုင်မာစေရန် အတွက် (Geobags) အိတ်များချခြင်း၊
(Jumbo Bag) အိတ်များချခြင်း လုပ်ငန်းများအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့်
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့်
မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊
ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း
အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ
ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊
အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့်
ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments