အစ္စတန်ဘူလ်မြို့အနီး သင်္ဘောနှစ်စင်းတိုက်မိ၊ ၁၀ ဦး ပျောက်ဆုံး
အစ္စတန်ဘူလ် စက်တင်ဘာ ၂
အစ္စတန်ဘူလ်မြို့အနီးရှိ
မာမာရာ ပင်လယ်ပြင်၌ စက်တင်ဘာ ၂ ရက်အစောပိုင်းက တူကီယဲအလံတပ်ဆင်ထားသည့် သင်္ဘောနှစ်စင်းတိုက်မိ၍ သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေသည်ဟု တူကီယဲအာဏာပိုင်များက ပြောသည်။
ဒေသစံတော်ချိန် နံနက်
၃ နာရီဝန်းကျင်ခန့်က ကုန်တင်သင်္ဘောတစ်စင်းနှင့် ရေနံတင်သင်္ဘောတို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။
ကုန်တင်သင်္ဘော တူဘာ့ခ်အမ်မာ မိုဂလူးသည် ရေအောက်မီတာ
၈၀၀ မှ ၉၀၀ ကြားတွင် နစ်မြုပ်သွားသည်ဟု ယူဆရသည်။ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးရုံးက
ပြောသည်။
အဆိုပါ ကုန်တင်သင်္ဘောပေါ်တွင် တန်ချိန် ၄၁၉၉ တန်ရှိ သံမဏိကွိုင်များ တင်ဆောင်လာခြင်းဖြစ်ပြီး ခေါ်ဆိုမှုများကို ပြန်လည်တုံ့ပြန်ခြင်းမရှိသည့်အပြင်
သင်္ဘောသားများထံ ဖုန်းဖြင့် ဆက်သွယ်၍လည်း မရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ ရေနံတင်သင်္ဘောမှာ တိုက်မိချိန်တွင် သင်္ဘောပေါ်၌ ကုန်တင် ဆောင်လာခြင်းမရှိချေ။
ထို့ပြင် သိသာထင်ရှားသည့် ပျက်စီးမှုမျိုးလည်းမရှိကြောင်း အာဏာပိုင်များက ပြောသည်။ ပင်လယ်ရေကြောင်း
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ၁၄ ဖွဲ့၊ ရဟတ်ယာဉ်နှစ်စင်းတို့ဖြင့် ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်နေသည်ဟု
သတင်းထုတ်ပြန်ထားသည်။
ဆင်ဟွာ

No comments