Esports မြန်မာ့လက်ရွေးစင်အသင်း ရွှေတံဆိပ်ဆုနှင့် လက်တစ်ကမ်းသို့ ရောက်ရှိ

 


ရန်ကုန်      စက်တင်ဘာ     ၃၀

ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့(Aichi-Nagoya, Japan) တွင် စက်တင်ဘာ  ၁၉ ရက်မှ အောက်တိုဘာ  ၄ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် Esports အားကစားကဏ္ဍ၌ မြန်မာ့လက်ရွေးစင် National Team Zanaka အသင်းသည် Mobile Legends: Bang Bang (MLBB)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိရန် လက်တစ်ကမ်းသို့ ရောက်ရှိနေကြောင်း ဝမ်းမြောက်ဂုဏ်ယူဖွယ် သိရသည်။

အကြိမ်(၂၀)မြောက်  အာရှအားကစားပြိုင်ပွဲ၌  Mobile Legends: Bang Bang (MLBB)   ပြိုင်ပွဲတွင် အာရှထိပ်သီး အသင်းရှစ်သင်းဖြစ်သည့် မြန်မာ-ကမ္ဘောဒီးယား၊ မလေးရှား-ဂျော်ဒန်၊ ဖီလစ်ပိုင်-အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယား-ဟောင်ကောင်တို့  ယှဉ်ပြိုင်ကြရာ  မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယားအသင်းတို့ ဆီမီးဖိုင်နယ်သို့ တက်လှမ်းခဲ့သည်။

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ(ဂျပန်နိုင်ငံစံတော်ချိန် ညနေ ၅ နာရီခွဲ)တွင် မြန်မာ့လက်ရွေးစင် Team Zanaka အသင်းသည် ဆီမီးဖိုင်နယ်၌ မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရလဒ် ၂-၁ ဖြင့် အောင်မြင်ခဲ့ပြီး ငွေတံဆိပ်ဆုရရှိခဲ့ကာ Grand Final အဆင့်သို့ တက်လှမ်းခဲ့သည်။  တစ်ဖက်တွင်လည်း အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယား အသင်းတို့က ညပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်သောအသင်းသည် အောက်တိုဘာ ၁ ရက်တွင်  အာရှချန်ပီယံရွှေတံဆိပ်ဆုအတွက်  မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် Team Zanaka အသင်းသည် PUBG Mobile (PUBGM) ပြိုင်ပွဲတွင် အဆင့် ၁၂၊ Honor of Kings (HOK) ပြိုင်ပွဲ၌ အဆင့်ရှစ်နှင့် ကျေနပ်ခဲ့ရပြီး  eFootball Mobile နှင့် eFootball Console  ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကာ Mobile Legends: Bang Bang(MLBB) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် လက်တစ်ကမ်းသို့ ရောက်ရှိနေကြောင်း သိရသည်။                                 

သစ္စာ(MNA)

ဓာတ်ပုံ-MESF

No comments

Powered by Blogger.