နိုင်ငံတကာဖိတ်ခေါ် International Futsal Cup 2026 ပြိုင်ပွဲ ဗိုလ်လုပွဲသို့ မြန်မာကလပ် MIU အသင်းနှင့် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း တက်ရောက်
ရန်ကုန် စက်တင်ဘာ ၁၀
နိုင်ငံတကာဖိတ်ခေါ်
International Futsal Cup 2026 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို
စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌
ဆက်လက်ကျင်းပရာ မြန်မာကလပ် MIU အသင်းနှင့် အင်ဒိုနီးရှားကလပ်
Black Steel Papua
အသင်းတို့ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။
ဆီမီးဖိုင်နယ် ပထမပွဲတွင် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက မြန်မာကလပ် YRG အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းသည် မြန်မာထိပ်သီးကလပ်
YRG ကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ပွဲတိုင်းအနိုင်ရထားသည့်
အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့သည်။ ဒုတိယပွဲတွင် MIU အသင်းနှင့်
YCDC Dream Team အသင်းတို့
သာမန်ပွဲကစားချိန်တွင် နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီဖြင့် ဆုံးဖြတ်ရာ
MIU အသင်းက လေးဂိုး - တစ်ဂိုး၊
စုစုပေါင်း ခြောက်ဂိုး - သုံးဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။ MIU အသင်းသည် ပွဲချိန်အတွင်း
နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဂိုးများ ပြန်ပေးရသဖြင့် နှစ်ဂိုးစီသရေကျ
ကာ ပင်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရသည်။ ပင်နယ်တီကန်သွင်းရာတွင် MIU အသင်းက လေးဂိုးဝင်ပြီး YCDC Dream Team အသင်းက သုံးလုံးကန်ရာ
တစ်ဂိုးသာဝင်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၂ ရက်တွင် တတိယလုပွဲအဖြစ် မြန်မာကလပ် နှစ်သင်းဖြစ်သော
YRG အသင်းနှင့် YCDC Dream Team အသင်း၊ ဗိုလ်လုပွဲအဖြစ်
မြန်မာကလပ် MIU အသင်းနှင့် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဗိုလ်လုပွဲတွင် တွေ့ဆုံနေသည့် မြန်မာကလပ် MIU အသင်းနှင့် အင်ဒိုနီးရှားကလပ်
Black Steel Papua အသင်းသည် ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရကာ
တက်ရောက်လာခြင်းဖြစ်ပြီး ချန်ပီယံဖြစ်သည့်အသင်းသည်
ပွဲတိုင်းအနိုင်ရသည့်မှတ်တမ်းနှင့်အတူ ဆုဖလားရယူနိုင်မည်ဖြစ်သည်။
သတင်း
- ရှိုင်းထက်ဇော်
ဓာတ်ပုံ
- MFF

No comments