မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်း(MWCDF)မှ ပဲခူးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးပြီး ဒေသ၏ကဏ္ဍစုံအတွက် ပံ့ပိုးလှူဒါန်း




နေပြည်တော် စက်တင်ဘာ ၁၀


“လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်း ရစေသား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း MWCDF သည် မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် စဉ်ဆက်မပြတ် ဖေးမကူညီပံ့ပိုးလှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိသည်။


စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့နယ် ထုံးကြီးစံပြကျေးရွာတွင် ဒေသခံ ရပ်မိ ရပ်ဖများ၊ ကျေးလက်နေ အမျိုးသမီးများ၊ လူငယ်များနှင့်အတူ နယ်မြေကွင်းဆင်း၍ အသင်းဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်းက အသင်း၏ ရည်ရွယ်ချက်နှင့် လှုပ်ရှား ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခြင်း၊ ကျေးလက်နေ အမျိုးသမီးများ၏ လူမှုစီးပွားဘဝအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ဟောပြောဖြန့်ဝေပေးခြင်း၊ ကျေးရွာအသီးသီးမှ ဒေသခံသက်ကြီး အဘိုး/အဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းသူများအား လှိုင်သီရိမွန် အထူးကုဆေးခန်းမှ ဆရာဝန်နှင့် သူနာပြု ဆရာမများ၊ ဒေသခံကျန်းမာရေးမှူးနှင့် ကျန်းမာ ရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သောဆေးဝါးများ လှူဒါန်းပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။


ဆက်လက်၍ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျေးရွာစာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်၊ စာပေများကို လှူဒါန်းခြင်း၊ ကျေးရွာ ဆေးပေးခန်းအတွက် အလှူငွေ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း၊ အခြေခံပညာကျောင်းရှိ ဆရာ ဆရာမ ၇၀ တို့အတွက် ကျောင်းဝတ်စုံများ လှူဒါန်းပေးခြင်း၊ ကျောင်းသား ကျောင်းသူများ အတွက် ပညာသင်ပံ့ပိုးစရိတ်များ၊ စာရေး ကိရိယာပစ္စည်းများနှင့် အဆာပြေမုန့်များ လှူဒါန်းပေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၂ ဦးတို့ အတွက် ပံ့ပိုးငွေများနှင့် အာဟာရဖြည့်စွက်စာ အစားအစာများပံ့ပိုးပေးခြင်း၊ မသန်စွမ်းသူ ၁၇ ဦး အတွက် ထောက်ပံ့ငွေများ၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ လှူဒါန်းပေးခြင်း၊ အသက် ၈၀ ကျော် သက်ကြီးရွယ်အို အဘိုး/အဘွား ၆၅ ဦး အတွက် အလှူငွေများ၊ အားဆေးများနှင့် အာဟာရ ဖြည့်စွက်စာ အစားအစာများ လှူဒါန်းပေးခြင်း၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြုအဖွဲ့များ အတွက် အလှူငွေနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။


စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ကျေးလက်နေ အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့် ပံ့ပိုးလှုဒါန်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်းက အမှာစကားပြောကြားခြင်း၊ ပန်းရောင်နှင်းဆီ ရင်သားကင်ဆာ လူနာပံ့ပိုးသူများ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်သီရိက “ရင်သားကင်ဆာ ဂရုပြုပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရွှေရောင် နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ သားဖွား မီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ရင်ရင်ဇော်က “သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေးဟောပြောခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အမျိုးသမီးများက သက်ဆိုင်ရာ အုပ်စုများအလိုက် မိမိတို့သိလိုသည်များ ဝိုင်းဝန်းဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အကြံပြုဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။


 သတင်းစဉ်

No comments

Powered by Blogger.