ပန်တိုဂျာကို အမှတ်ဖြင့် အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဂျိုရှုအာဗန် ကာကွယ်
ရန်ကုန် စက်တင်ဘာ ၂၀
UFC 331 ပြိုင်ပွဲကို
မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ၌ကျင်းပရာ မြန်မာဖိုက်တာ ဂျိုရှုအာဗန်က စိန်ခေါ်သူ ဘရာဇီးနိုင်ငံသား
ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။
ဂျိုရှုအာဗန်သည် ပန်တိုဂျာနှင့်
ပထမအကြိမ်တွေ့ဆုံသည့် ချန်ပီယံစိန်ခေါ်ပွဲတွင် ပထမအချီအစမှာပင် ပန်တိုဂျာ လက်ဒဏ်ရာရပြီး
ချန်ပီယံ အပြောင်းအလဲဖြစ်ခဲ့သဖြင့် ချန်ပီယံဟောင်း ပန်တိုဂျာက မကျေပွဲပြန်လည်စိန်ခေါ်ခြင်းဖြစ်ကာ ဂျိုရှုအာဗန်က ထိုက်ထိုက်တန်တန် အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုနှင့် ထိုက်တန်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့သည်။ ဂျိုရှုအာဗန်သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင်
UFC ဖလိုင်းဝိတ်တန်း
ကမ္ဘာ့ချန်ပီယံဖြစ်လာပြီးနောက် ယခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲ
နှစ်ပွဲထိုးသတ်ထားရာ နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။
ပန်တိုဂျာသည် ကမ္ဘာ့ချန်ပီယံခါးပတ်
ပြန်လည်ရယူနိုင်ရေး သေချာပြင်ဆင်ထားသဖြင့် ဂျိုရှုအာဗန်အနေဖြင့်
ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရသည်။ ပထမအချီအစမှာပင် ပန်တိုဂျာက ၎င်းအားသာသည့် ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်ရန်
ကြိုးပမ်းခဲ့ပြီး ဂျိုရှုအာဗန်က
ရုန်းထွက်နိုင်ရန် ကြိုးပမ်းခဲ့ရသည်။ ဂျိုရှုအာဗန်သည် ပန်တိုဂျာအားသာသည့် ချုပ်ကွက်ကို
ရုန်းထွက်နိုင်ရန် သေချာပြင်ဆင်ထားပြီး ကြမ်းပြင်ပေါ်အလှဲတွင် ဒူးတိုက်ချက်ဖြင့် ထွက်မလာရန်နှင့် ဦးခေါင်း
ချုပ်မမိစေရန် သေချာကာကွယ်နိုင်ခဲ့သည်။ ဂျိုရှုအာဗန်သည် ချုပ်ကွက်မှ ရုန်းထွက်နိုင်သလို
Stand Fight ဖြင့် ပန်တိုဂျာကို အထိနာအောင်
ထိုးသတ်နိုင်ခဲ့သည်။ ပန်တိုဂျာကလည်း အပြန်အလှန်လက်သီးများ ပစ်သွင်းရာ နှစ်ဦးစလုံး
အထိနာခဲ့သည်။ စတုတ္ထအချီအထိ နှစ်ဦးစလုံး အသာမရဖြစ်နေသော်လည်း ပွဲအလှည့်အပြောင်းမှာ
နောက်ဆုံးအချီဖြစ်ခဲ့သည်။
အသက်အရွယ်အရ နောက်ဆုံးအချီတွင်
ပန်တိုဂျာ သက်လုံကျသွားပြီး ဂျိုရှုအာဗန်က အသာစီးမှ ထိုးသတ်နိုင်ခဲ့သည်။ ဂျိုရှုအာဗန်၏ တွဲလုံးလက်သီးများကြောင့် ပန်တိုဂျာကြမ်းပြင်ပေါ် ပြုတ်ကျခဲ့သလို ပွဲသိမ်းနိုင်ရန် ဆက်တိုက်ဖိထိုးခဲ့သည်။ ပန်တိုဂျာ၏ မာဂုဏ်ကြောင့် အလဲမထိုးနိုင်သော်လည်း
အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် ဂျိုရှုအာဗန် အသာရခဲ့ခြင်းဖြစ်သည်။
ဂျိုရှုအာဗန်နှင့် ပန်တိုဂျာတွဲဆိုင်းသည်
ယခုကျင်းပသည့် UFC 331 ပြိုင်ပွဲ၏ Fight of the
Night အဖြစ် ရွေးချယ်ခံရပြီး အပိုဆုကြေး ဒေါ်လာတစ်သိန်းရရှိသည်။ ဂျိုရှုအာဗန်သည်
ယခုပွဲအတွက် ထိုးကြေး ဒေါ်လာငါးသိန်းရရှိပြီး ပန်တိုဂျာနှင့် တွေ့ဆုံသည့် နှစ်ပွဲစလုံး
အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဂျိုရှုအာဗန်သည် ချန်ပီယံကာကွယ်ပွဲ
ပထမပွဲတွင် ဂျပန်ဖိုက်တာ တက်ဆုရို၊ ဒုတိယပွဲတွင် ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ကို အနိုင်ရခဲ့ပြီး
UFC ပြိုင်ပွဲသမိုင်း၏ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံ၊ အာရှတိုက်၏ ပထမဆုံး
အမျိုးသားချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်သည်။
သတင်း
- မောင်စံကြီး
ဓာတ်ပုံ
- UFC

No comments