စီးပွားရေးမျက်နှာစာသစ်ဖွင့်လှစ် ရေရှည်အကျိုးစီးပွားဖော်ဆောင် (ကြေးမုံ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်
မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် အောက်တိုဘာ ၇ ရက်က ရောက်ရှိခဲ့ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌
ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွား ရေးဆိုင်ရာ
အဆင့်မြင့်ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက နှစ်နိုင်ငံအကြား
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများ
နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အဆင့်မြင့်ဆွေးနွေးပွဲတွင်
နိုင်ငံတော်သမ္မတက “မြန်မာနှင့် မလေးရှားနိုင်ငံတို့သည် အာဆီယံ မိသားစုဝင် နိုင်ငံများဖြစ်ကြပြီး
ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ
ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထို့အပြင် နှစ်နိုင်ငံစလုံးသည်
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်လက်မှတ် ရေးထိုးထားပြီး ကမ္ဘာ့လူဦးရေ၏ ၃၀
ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့်
ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြု နေသည့်
ဒေသတွင်းဘက်စုံပူးပေါင်းဆောင်ရွက်မှု(RCEP) သဘောတူစာချုပ်တွင်လည်း ပါဝင် လက်မှတ်ရေးထိုးထားကြောင်း၊ ယခုကဲ့သို့ ဒေသတွင်း
ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် မူဘောင်များသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်
စီးပွားရေးပေါင်းစည်းမှုကို ပိုမိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများ
ဖြစ်သောကြောင့် ထိရောက်ပြီး အကျိုးရှိစွာအသုံးပြုနိုင်ရန် လိုကြောင်း” ပြောကြားသည်။
ယနေ့ကမ္ဘာကြီးသည်
စီးပွားရေးနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုများ အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်နေပြီး ဒေသတွင်းနှင့်
ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ယခုကဲ့သို့
စိန်ခေါ်မှုများနှင့်အတူ နိုင်ငံများ၏ စီးပွားရေးခံနိုင်ရည်စွမ်းအား (Economic
Resilience) ရှိရေးသည်လည်း အရေးကြီးလာသည်။
အဆိုပါအချက်များကြောင့် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှု၊
လေးစားမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုပြီးအရေးပါ လာသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များ
မှတစ်ဆင့် နှစ်နိုင်ငံရေရှည်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို
စီးပွားရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲ များတွင် အတူတကွ ဆွေးနွေးဖော်ထုတ်ပြီး
ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ဒေသတွင်း နိုင်ငံများ၊
အာဆီယံနိုင်ငံများကြားတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနှင့်မလေးရှားနိုင်ငံတို့သည်
တူညီသည့်သမိုင်းကြောင်းများရှိပြီး ပထဝီအနေအထားအရ အရှေ့တောင် အာရှကျွန်းဆွယ်ပေါ်၌
အတူတည်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ ယနေ့အချိန်အခါတွင်
နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးကဏ္ဍများအပြင် စီးပွားရေး၊
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ်ရေးနှင့်နည်းပညာ၊ စွမ်းအင်၊
ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများအထိ တဖြည်းဖြည်းပိုမိုကျယ်ပြန့်လျက်ရှိသည်။
ထို့ကြောင့် အနာဂတ်တွင် မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးအား
ရှိရင်းစွဲချစ်ကြည်ရင်းနှီး မှုများကိုအခြေခံပြီး ပိုမိုခိုင်မာအားကောင်းစေသည့်
စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တစ်ရပ်အနေဖြင့် တည်ဆောက် သွားရန်
အချိန်အခါကောင်းပင်ဖြစ်သည်။
နှစ်နိုင်ငံအကြား
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လက်ရှိတွင် မလေးရှားနိုင်ငံသည်
မြန်မာနိုင်ငံ၏ အရေးပါသည့်ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး
ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဒသမ
၆၆၂ ဘီလီယံရှိပြီး ယခုနှစ်ဩဂုတ်လအထိ ၁ ဒသမ ၀၁ ဘီလီယံ ကျော်ရှိခဲ့သည်။
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ရော်ဘာ နှင့်ကုန်ကြမ်းများ၊
ချုပ်ပြီးသားအထည်များကို မလေးရှားနိုင်ငံသို့ တင်ပို့လျက်ရှိပြီး
မလေးရှားနိုင်ငံမှ စက်သုံးဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီ၊
စားသောက်ကုန်၊ စက်မှုကုန်ချောများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ပလတ်စတစ်
ကုန်ကြမ်းပစ္စည်း၊ ဓာတုကုန်ကြမ်းများနှင့် ဆေးဝါး ပစ္စည်းများ စသည်တို့ကို
တင်သွင်းလျက်ရှိသည်။
နှစ်နိုင်ငံကုန်သွယ်မှုကိုကြည့်လျှင်
ထုတ်ကုန်ပစ္စည်းများသည် အပြန်အလှန် ဖြည့်ဆည်းနိုင်သည့် သဘောရှိသည်။ အထူးသဖြင့်
နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရာတွင် ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရုံ သာမက
မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ကြမ်းများနှင့် လယ်ယာ၊ မွေးမြူရေးနှင့်
ရေထွက်ကုန်များကို အရည်အသွေး၊ ထုပ်ပိုးမှု၊ အစားအစာဘေးကင်းလုံခြုံမှုနှင့်
နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြောင်းလဲထုတ်လုပ်ပြီး
နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ပူးပေါင်းဆောင်ရွက် မှုများ
ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။
သို့ဖြစ်ရာ
မြန်မာ-မလေးရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်
ရှိရင်းစွဲ တိုးတက်ဖြစ်ထွန်းမှုများထက် ကျော်လွန်၍ နှစ်နိုင်ငံ နိုင်ငံရေး၊
သံတမန်ဆက်ဆံရေးကဏ္ဍများအပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
စသည့်ကဏ္ဍအသီးသီးတွင် ပိုမိုအားကောင်းခိုင်မာ လာစေသည့် စီးပွားရေးမိတ်ဖက်
ဆက်ဆံရေးကဏ္ဍသစ်တစ်ရပ်ကို ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

No comments