ကဏ္ဍသစ်၊ စာမျက်နှာသစ်တို့ ဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရမည့်အချိန် (မြန်မာ့အလင်း)
မြန်မာနိုင်ငံနှင့်
မလေးရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ရာ
လာမည့် ၂၀၂၈ ခုနှစ်ဆိုလျှင် နှစ်ပေါင်း ၇၀ ပြည့်မြောက်တော့မည်ဖြစ်သည်။
နှစ်နိုင်ငံစလုံးမှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများဖြစ်ကြပြီး
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ကုန်းမြေပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်၍
မလေးရှားက ပင်လယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။
မလေးရှားနိုင်ငံဝန်ကြီးချုပ်
ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် သမ္မတ
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၇
ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official
Visit) သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း
နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍
နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ မြန်မာ- မလေးရှား
စီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား
ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအကြား
ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊
နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စများ၊
စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့သည်။
လွန်ခဲ့သည့်
နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များအပေါ်
ပြည်ပနိုင်ငံ အများအပြားတို့က နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သမျှတို့နှင့်စပ်လျဉ်း၍ ပြည်ပနိုင်ငံများ၏
နားလည်မှုတို့မှာ မီဒီယာများ၏ ပုံဖော်မှုများနှင့် နိုင်ငံကြီးအချို့၏
စွက်ဖက်မှုပယောဂများ၊ ဖိအားများကြောင့် ပကတိအခြေအနေ၊ အမှန်တရားစသည်တို့နှင့်
ဝေးကွာခဲ့သည်။ လွဲမှားသည့် အချက်အလက်များနှင့် လွဲမှားသည့် နားလည်မှု တို့က
ဆုံးဖြတ်ချက်များ လွဲမှားနိုင်ပြီး စေတနာကောင်းနှင့် ဆောင်ရွက်မည့်
ကိစ္စမျိုးကိုပင်လျှင် ဝေဒနာဖြစ်သွားစေနိုင်သည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့ မီဒီယာများနှင့်
တွေ့ဆုံစဉ် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြောကြားရာ၌ ‘‘အဆွေတော်တို့လို
တိုင်းရင်းသားမျိုးစုံရှိပြီးတော့ ရှုပ်ထွေးလှတဲ့အခြေအနေတွေ ရင်ဆိုင်နေရတဲ့
နိုင်ငံအနေနဲ့ အဆွေတော်တို့ နိုင်ငံအရေးကိစ္စကို ချဉ်းကပ်တဲ့အခါမှာ ဒီအခြေအနေကို
ကျွန်တော်တို့အနေနဲ့ ထည့်သွင်းစဉ်းစားပြီး သိရှိနားလည်ဖို့ လိုပါတယ်။
ကျွန်တော်တို့ ဒီနေ့အဆွေတော်နဲ့ ဆွေးနွေးခဲ့တာ လုံးဝကိုပွင့်ပွင့်လင်းလင်းနဲ့
ရိုးရိုးရှင်းရှင်း ဆွေးနွေးခဲ့တာ ဖြစ်တဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။
ဒါဟာကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ ဒီဆက်ဆံရေးတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက်
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေကို မြှင့်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်’’ ဟူ၍
ထည့်သွင်းပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို
နားလည်သိမြင်သဘောပေါက်လာခြင်းဟု ဆိုရမည်ဖြစ်သည်။
နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကြောင်းအရာ ကိစ္စများစွာကို ဆွေးနွေး ခဲ့ကြောင်း၊
နှစ်နိုင်ငံအကြား ကာလရှည်ကြာ အကောင်းဆုံးဆက်ဆံရေးများ ရှိခဲ့ကြောင်း၊ မကြာသေးမီကာလကမူ
၎င်းဆက်ဆံရေးအပေါ်တွင် အချို့သောအတားအဆီးများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင်
ယခုအခါ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည့်အချိန် ဖြစ်နေပြီဖြစ်ကြောင်း
စသည်ဖြင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကပြောကြားခဲ့ရာ မြန်မာနှင့် မလေးရှား
နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်မှ စတင်၍
ကဏ္ဍသစ်၊ စာမျက်နှာသစ် ဖွင့်လှစ်တော့မည့် အခြေအနေများ စတင်ပြီဟူ၍ ဆိုနိုင်သည်။
နားလည်မှု လွဲမှားခြင်း ကြောင့် ဖြစ်ပေါ်ခဲ့ရသော အခိုက်အတန့်အားဖြင့်
အေးစက်ခဲ့သည့် အခြေအနေတစ်ရပ်မှာ ရိုးသားမှု၊ ပွင့်လင်းမှုတို့နှင့်အတူ ပြန်လည်
နွေးထွေးနီးကပ်လာခဲ့ပြီဖြစ်သည်။
မြန်မာနှင့်
မလေးရှားတို့သည် ကိုလိုနီလက်အောက်သို့ အတူကျရောက်ခဲ့သည့် နိုင်ငံများဖြစ်ကြရာ
သမိုင်းကြောင်းအရ ခံစားချက်တူညီကြသည်။ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံ
ဖြစ်ရေးအတွက် ၁၉၉၇ ခုနှစ်တွင် မလေးရှားနိုင်ငံက စတင်ထောက်ခံ
စည်းရုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ အာဆီယံ နိုင်ငံများထဲတွင် ကာလရှည်ကြာစွာ
ပူးပေါင်းဆောင်ရွက်ခဲ့သည့် မိတ်ဖက်နိုင်ငံများပင် ဖြစ်သည်။ မြန်မာနိုင်ငံသည်
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်
နေရသည့် နိုင်ငံဖြစ်သည်။ တစ်ဖက်တွင်လည်း ပထဝီနိုင်ငံရေး၊ သမိုင်းရေးစသည်တို့အရ
ဖြစ်ပေါ်လာသည့် ပြည်တွင်းရေးကိစ္စများကိုလည်း အကောင်းဆုံးဖြစ်လာစေရန် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်
ဖြေရှင်းဆောင်ရွက်နေရခြင်းဖြစ်ရာ ပြင်ပမှ ဖိအားပေးမှု၊ ဖယ်ကြဉ်ထားမှု စသည်တို့က
မလိုလားအပ်သည့် ရလဒ်များကိုသာ ဖြစ်ပေါ်စေသည်။ မိတ်ကောင်းဆွေကောင်း နိုင်ငံများ၏
နားလည်မှု၊ ကူညီမှု၊ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတို့ကသာ မြန်မာနိုင်ငံနှင့်တကွ
ဒေသတွင်း နိုင်ငံများ အားလုံး၏ ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်ပါမည့်အကြောင်း။

No comments