တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစံပြကွက် ဧက ၁၀၀ စုပေါင်းရိတ်သိမ်းမှုနှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
တောင်ငူ အောက်တိုဘာ ၄
တောင်ငူမြို့နယ် ရှားရားကုန်း ကျေးရွာ၌ CAPI စနစ်ဖြင့် စံကွက် ရိတ်သိမ်းမှု မှတ်တမ်းတင်ခြင်းနှင့် တစ်ကွင်းတစ်ဆက်တည်း မိုးစပါး အကွက်ကျယ် စံပြကွက် ဧက ၁၀၀ စုပေါင်းရိတ်သိမ်းခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးရန်အတွက် ဆီထွက် ပဲပုပ်မျိုးစေ့နှင့် စားဖိုဆောင်သီးနှံ မျိုးစေ့များ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ငူမြို့နယ် နည်းပညာတက္ကသိုလ်(တောင်ငူ) ၌ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တင်ပြချက်များ အပေါ် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးကာ တက္ကသိုလ်အတွက် အားကစားပစ္စည်းများနှင့် တက္ကသိုလ် စာကြည့်တိုက်အတွက် သုတရသ စာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်၍ စာတွေ့၊ လက်တွေ့ သင်ကြားရေးဆောင်များနှင့် ကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု ကျွဲကူး ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက် ရှိသော ဒေါ်ခင်နှင်းဦး၏ ဥစားကြက်ကောင်ရေ ၂၀၀၀၀ မွေးမြူထားရှိမှု၊ ကေတုမတီရှေးဟောင်း ကျုံးမြောက်ဘက်၌ ဆလံချော ပြုလုပ်နေမှုနှင့် ထီးလှိုင်လမ်းမှ တောင်ငူတက္ကသိုလ်သို့ ဆက်သွယ်ထားသည့် ၁၅ ပေအကျယ် ကတ္တရာလမ်းအား ၂၂ ပေ အကျယ် ကတ္တရာလမ်းအဖြစ် တိုးချဲ့နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments