ချင်းပြည်နယ် ဖလမ်းမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာရပ်နားထားသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်လျက်ရှိ
ဖလမ်း အောက်တိုဘာ
၁၉
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင်
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာ ရပ်နားထားသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်လည်ပတ်
ဆောင်ရွက်နေပြီဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမနှင့် အမှတ်(၁)အခြေခံပညာ
အထက်တန်းကျောင်း ရှလွယ်ခန်းမ၌ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့်
ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က အမှာစကားပြောကြားပြီး
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက
နိုင်ငံတော်မှ နှစ်စဉ်မွေးဖွားလျက်ရှိသည့် ကလေးငယ်များအား ချင်းပြည်နယ်ကဲ့သို့ ခက်ခဲဒေသများမကျန်
ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် အစီအစဉ်ကိုလည်းကောင်း၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး
ထပ်ဆောင်းထိုးနှံပေးရခြင်းအကြောင်းနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ဝက်သက်၊
ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအတွက် ပြည်သူလူထုသို့ အသိပေးနှိုးဆော်သည့်
Video Clip ကို ပြသသည်။
အခမ်းအနားအပြီးတွင်
နေရပ်ပြန်ဒေသခံများဖြစ်သည့် အသက် (၉)လမှ (၅)နှစ်အရွယ် ကလေးများအား ဝက်သက်၊ ဂျိုက်သိုး
ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးသည်။
ဝက်သက်၊ ဂျိုက်သိုးရောဂါ
ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို အောက်တိုဘာ ၁၉ ရက် မှ ၂၃ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်
ယနေ့တွင် ကလေး ၆၀ အား ထိုးနှံပေးကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာ
အထက်တန်းကျောင်း ရှလွယ်ခန်းမတွင် ကျင်းပသည့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး
(HPV) ထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဖလမ်းမြို့ပေါ်ရှိ
အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အထက်တန်းကျောင်းများမှ အသက် (၉)နှစ်မှ (၁၁)နှစ်အရွယ်
ကျောင်းသူ ၇၃ ဦး တို့အား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း
သိရသည်။
ထို့အတူ ဒုတိယဝန်ကြီးနှင့်
ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့သည်
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ
နံနက်ပိုင်းကလည်း ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ဖလမ်းခရိုင်
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ရုံးအဆောက်အအုံ
ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု အခြေအနေ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ
ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် စက်ပစ္စည်းအခြေအနေ၊ လျှပ်စစ်ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု
အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိသည့်အချိန်တွင်
မြို့တွင်းလျှပ်စစ်ဓာတ်အား ဖြန့်ဝေနိုင်ရေးလိုအပ်သည်များ စီမံဆောင်ရွက်ထားရန်၊ ရုံးတွင်းရုံးပြင်
သာယာလှပရေး ဆောင်ရွက်ရန်၊ ဆယ်တင်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရှိပြီး လိုအပ်သည့်အချိန်တွင်
ပြန်လည်အသုံးပြုနိုင်ရေးပြင်ဆင်ထားရှိရန် မှာကြားသည်။
ထိုမှတစ်ဆင့် နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖလမ်းခရိုင်ကြီးကြပ်ရေးရုံး
အဆောက်အအုံပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမှုထမ်း၊ အရာထမ်းဝန်ထမ်းအိမ်ရာများ
ပြုပြင်ပြီးစီးမှုနှင့် အိမ်ရာများတွင် ဝန်ထမ်းများ နေထိုင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး
ရုံးနှင့်ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ ရေးစီးရေလာကောင်းမွန်ရေး
ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြည်သူများအား
ကောင်းမွန်သည့်ဝန်ဆောင်မှုပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
.jpg)
No comments