မြန်မာ ယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အသင်း ပထမခြေစမ်းပွဲ တစ်ဂိုးစီသရေကျ
ရန်ကုန် အောက်တိုဘာ ၄
နိုဝင်ဘာလတွင် ယှဉ်ပြိုင်ရမည့်
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့်
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းနှင့် အိန္ဒိယ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲ ပထမပွဲကို အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့ သန်လျင်မြို့ရှိ Star
City ကွင်း၌ ကျင်းပရာ တစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်း၏ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲမတိုင်မီ
တစ်လဝန်းကျင်အလို နောက်ဆုံးကစားသည့် နိုင်ငံတကာခြေစမ်းပွဲတွင် အိန္ဒိယအသင်းနှင့် သရေကျခဲ့သည်။
မြန်မာအသင်းသည် မိနစ် ၇၀ အထိ တစ်ဂိုး အသာဖြင့် ဦးဆောင်နိုင်သော်လည်း ၇၂ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့်
ချေပဂိုးပေးလိုက်ရခြင်းကြောင့် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ်
ဂျပန်နိုင်ငံသား ကိုင်ဆူကီသည် ပွဲထွက်လူစာရင်းတွင် လင်းလက်ထွန်း (ဂိုး)၊ မြင့်မြတ်အောင်၊ အောင်မြတ်သာ၊ ပရင့်ဒိုဒိုသောင်၊
ပိုင်ဇေထွန်း၊ သက်နိုင်ဦး၊ မြတ်သူမောင်၊ သန့်ဇင်အောင်၊ ခွန်ဝေဖြိုး၊ သန်းထိုက်အောင်၊ ကြည်သာတို့ကို အသုံးပြုခဲ့သည်။
ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန်တိုက် စစ်ဆင်ကစားနိုင်ခဲ့ပြီး ၄၁ မိနစ်တွင် အသင်းခေါင်းဆောင်
အောင်မြတ်သာ ကွင်းလယ်စည်းမှ တောက်လျှောက်ဆွဲပြေးကာ ပင်နယ်တီဧရိယာအတွင်း ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၇၁ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဂျန်တီက အိန္ဒိယအသင်းအတွက်
ချေပဂိုးပြန်သွင်းခဲ့သည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းသည် ကစားသမားများအတွေ့အကြုံရစေရန် Galaxy အသင်းအမည်ဖြင့် ပြည်တွင်းလူငယ်လိဂ်ဖြစ်သော M-League ယူ-၂၀ လိဂ်တွင် ယှဉ်ပြိုင်နေသည်။
မြန်မာ ယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို
အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သန်လျင်မြို့ရှိ
Star City ကွင်း၌ ကျင်းပမည်ဖြစ်သည်။
သတင်း
- ကိုညီလေး
ဓာတ်ပုံ
- MFF

No comments