ပူတာအိုမြို့နယ်၌ သံကူကွန်ကရစ်တံတား ပြန်လည်တည်ဆောက်မည့်နေရာသို့ ကွင်းဆင်းစစ်ဆေး

 



ပူတာအို အောက်တိုဘာ ၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် HSP Myanmar ကုမ္ပဏီမှ တင်ဒါအောင် ဆောင်ရွက်မည့် ပူတာအိုမြို့နယ် မကျော့ဝါကျေးရွာအဝင်၌ ပြန်လည်တည်ဆောက်မည့် သံကူကွန်ကရစ်တံတား အလျား ပေ ၈၀ အကျယ် ပေ ၂၀ ရှိ လုပ်ငန်းခွင်နေရာကို ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)၊ ပူတာအိုခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီး အောင်ဆောင်ရွက်၍ ဒေသခံ ပြည်သူများ အချိန်မီအသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက် ရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။


အဆိုပါ တံတားပြီးစီးပါက ‌ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာစေမည့် အပြင် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး လုပ်ငန်းကဏ္ဍများ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.