အမျိုးသားပြတိုက်(ရန်ကုန်)သို့ ကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာ
မင်္ဂလာတောင်ညွန့် အောက်တိုဘာ ၄
ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများ ဦးဆောင်၍ ကျောင်းသား ကျောင်းသူ ၁၀၁ ဦးတို့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်) သို့ လေ့လာရေး သွားရောက်ခဲ့ကြသည်။
ထိုကဲ့သို့ သွားရောက်လေ့လာရာတွင် ကျောင်းသား ကျောင်းသူများသည် အမျိုးသားပြတိုက် (ရန်ကုန်)ရှိ သီဟာသန ပလ္လင်ပြခန်း၊ မြန်မာအက္ခရာနှင့် လက်ရေးမူ ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ သဘာဝ သမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ် ပြခန်း၊ မြန်မာ့မြို့ပြယဉ်ကျေးမှုပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြန်မာ့ သုခုမအနုပညာပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ မြန်မာ့ရှေးဟောင်း အဆင်တန်ဆာရတနာပြခန်း၊ မြန်မာ့ ပန်းချီခန်းမဆောင်၊ ဗုဒ္ဓအနုပညာပြခန်း၊ အာဆီယံနိုင်ငံများအကြောင်း ပြခန်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြရာ အမျိုးသား ပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူများက ပြခန်းများအလိုက် အသေးစိတ် လိုက်လံ ရှင်းလင်းပြသပေးခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ မှတ်သားခဲ့ကြသည်။
အမျိုးသားပြတိုက် (ရန်ကုန်) ကို ပြည်သူအများ လာရောက်လေ့လာကြည့်ရှုနိုင်ရန် အတွက် တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)

No comments