နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား
နေပြည်တော်
အောက်တိုဘာ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်
တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား
ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ
ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်
စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာ အချက်အလက်များနှင့် လိုအပ်ချက်များအားဆွေးနွေးတင်ပြ
ဦးစွာ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဒေသဆိုင်ရာ အချက်အလက်များ၊
တိုင်းဒေသကြီးအတွင်း မြေအသုံးချမှုနှင့် မိုးရွာသွန်းမှု အခြေအနေများ၊
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဝမ်းစာ
ဖူလုံမှုအခြေအနေများ၊ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိမှု၊ နိုင်ငံတော် အကြီးအကဲ၏
ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်လျက်ရှိမှု၊ ဆီအုန်း
စိုက်ပျိုး ထုတ်လုပ်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေး သုတေသနစိုက်ပျိုးထုတ်လုပ်မှု
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆီကြမ်းထွက်ရှိမှုနှင့်
ဒေသဆီဖူလုံမှုရှိစေရေးအတွက် ဆီချောစက်ရုံ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊
ဆီအုန်းစိုက်ပျိုးမှုမှ ဒေသဝင်ငွေရရှိမှု၊ ရော်ဘာ၊ ကော်ဖီ၊ ကိုကိုးပင်များ
စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ မွေးမြူရေးရေထွက်ပစ္စည်းများ ထုတ်လုပ်
နိုင်မှုနှင့် တင်ပို့နိုင်မှု၊ ပုစွန်သားဖောက် စခန်းတည်ဆောက်နေမှု၊ ပုလဲ၊ မုတ်ခွံ
မွေးမြူထုတ်လုပ်နိုင်မှု၊ နှစ်အလိုက် အိမ်မွေးငှက်သိုက်ထုတ်လုပ်မှုနှင့် အခွန်ကောက်ခံရရှိမှု၊
ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊
တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍများ မြင့်မား
တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရော်ဘာမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး
ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊
ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊
ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင်
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု
အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်
တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး
လုပ်ငန်းရှင်များက တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွား အပန်းဖြေဧည့်သည်များ
ပိုမိုအဆင်ပြေစွာ အများအပြားလာရောက် လည်ပတ်နိုင်ရေးနှင့် ဒေသခံ ပြည်သူလူထုတို့၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့ကိုအထောက်အပံ့ ဖြစ်စေနိုင်ရေးအတွက် တနင်္သာရီ
တိုင်းဒေသကြီးအတွင်းသို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခ
နှုန်းထားများ ဖြေလျှော့ပေးစေလိုမှု၊ ၂၀၂၅ ခုနှစ်အတွင်း
နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြိတ် ဒေသသို့ ရောက်ရှိစဉ် ဒေသဖွံ့ဖြိုး
တိုးတက်ရေးအတွက် မြိတ်မြို့ မြို့မ အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်း၊
မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်တင် တိုးချဲ့ခြင်း၊ မြိတ်ပြည်သူ့ဆေးရုံအား ခုတင် (၃၀၀)
ဆံ့ ဆေးရုံ အဖြစ် အဆင့်မြှင့်တင်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့မှုများအတွက်
ဒေသခံများအားလုံးအနေဖြင့် အထူးပင်ဝမ်းမြောက် ကျေးဇူးတင်လျက်ရှိမှု၊ ဒေသခံများနှင့်
ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြိတ်မြို့ဒေသခံများ၏
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိမှု၊
လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းပြီးစီးပါက ဒေသထွက်တန်ဖိုးမြှင့်ရေထွက်ပစ္စည်း ထုတ်ကုန်
များအား ကုန်တင်လေယာဉ်များဖြင့် ပြည်ပနိုင်ငံဈေးကွက်များသို့ တင်ပို့နိုင်ရေး
ဆက်သွယ် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းထွက်ရှိသည့် သဘာဝငှက်သိုက် ထုတ်ကုန်များအား
အသေးစား လုပ်ငန်းများ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက်
လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းမှ ထွက်ရှိသည့်
ရော်ဘာကုန်ကြမ်း များကို အသုံးပြု၍ ရော်ဘာလက်အိတ်များ အပါအဝင်
အခြားတန်ဖိုးမြှင့်ရော်ဘာ ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်နိုင်ရေးအတွက်
ရင်းနှီးမြှုပ်နှံမှုချေးငွေရရှိရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊
ဒေသတွင်းလိုအပ်သည့် လူသုံးကုန်ပစ္စည်းများအား ဒေသတွင်း၌ပင် ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက်
လိုအပ်သည့် စက်ကိရိယာများဝယ်ယူရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်
ချေးငွေရရှိလိုမှု၊ တိုင်းဒေသကြီးအတွင်း ရေထုတ်ကုန်ပစ္စည်းများထုတ်လုပ်မှု
ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ
ရှာဖွေပေးနိုင်ရေး၊ အခြေခံ လူတန်းစား ရေလုပ်သားတို့၏ မိသားစုရပ်တည်မှု
အဆင်ပြေစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ၊ မူဝါဒနှင့်
ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှုနှင့်
နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီး
အတွင်း ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့မှု၊ ပြည်တွင်း စားသုံးဆီဖူလုံမှုကို အထောက်အပံ့ဖြစ်စေရေး
ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် အခြားဒေသဆိုင်ရာ လိုအပ်ချက်များကို
ဆွေးနွေး တင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆွေးနွေးတင်ပြမှုများ
အပေါ် တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက်
ပြန်လည်ဆွေးနွေးပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်း လေကြောင်းလိုင်းများ
ပြေးဆွဲစေလျက်ရှိပြီး လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေနှင့် လေကြောင်း ခရီးစဉ်
ပြေးဆွဲမှုအတွက် ကုန်ကျစရိတ်တို့အပေါ် မူတည်တွက်ချက်၍ လေယာဉ်လက်မှတ်ခ
နှုန်းထားများကို သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ပြီး သင့်လျော်သည့်နှုန်းထားရရှိအောင်
စီမံဆောင်ရွက် ပေးလျက်ရှိမှု၊ ထားဝယ်ဒေသသို့ ရက်သတ္တပတ်တစ်ပတ်လျှင် လေကြောင်းခရီးစဉ်ခုနစ်ခေါက်
ပြေးဆွဲပေးလျက်ရှိမှုနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ
လေဆိပ် အဆင့်မြှင့်တင်ခြင်းနှင့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ
ပိုမိုဖွံ့ဖြိုး တိုးတက် အဆင်ပြေချောမွေ့လာနိုင်မည့် အခြေအနေများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်
အထူး စီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်မည့်၊
ဒေသဖွံ့ဖြိုး တိုးတက်လာနိုင်မည့်အခွင့်အလမ်းများ၊ တိုင်းဒေသကြီးအတွင်း
လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့လာစေရေး၊
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ
ထွက်ရှိသည့် သဘာဝငှက်သိုက် ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စနစ်ကျသည့်
ထုတ်လုပ်မှု ဖြစ်စေရေး ဆောင်ရွက်သွား ရန်လိုအပ်မှုနှင့် ဈေးကွက် ကျယ်ကျယ်ပြန်ပြန့်ရရှိရေးနှင့်
ချေးငွေများရရှိရေးတို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍
မူဝါဒသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်သွားကြရန်လိုအပ်မှု၊ တိုင်းဒေသကြီးအတွင်း
မြေယာအသုံးချမှုများနှင့် ပတ်သက်၍ ခွင့်ပြုပေးထားသည့် လုပ်ငန်းအမျိုးအစားအလိုက်
စနစ်တကျနှင့် အကျိုးရှိရှိ အသုံးချ ဆောင်ရွက်သွားကြရန် လိုအပ်သည့် အခြေအနေများ၊
တိုင်းဒေသကြီးအတွင်း ကြွယ်ဝစွာ တည်ရှိနေသည့် စွမ်းအင်အရင်းအမြစ်များမှ ရေနံနှင့်
သဘာဝဓာတ်ငွေ့များ ထုတ်ယူသုံးစွဲ၍ ဒေသနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်
အကျိုးရှိရှိဆောင်ရွက်သွားနိုင်သည့် အခြေအနေများ၊ ဒေသ ထုတ်ကုန်များ
ဈေးကွက်ရရှိရေးအတွက် MSME ပြပွဲများကျင်းပ၍
ထုတ်ကုန်ပစ္စည်းများ ဈေးကွက် ရရှိရေး ဆောင်ရွက်ပေး လျက်ရှိမှု၊ တန်ဖိုးမြှင့်
ရော်ဘာထုတ်ကုန် များထုတ်လုပ်နိုင်သည့် စက်ရုံတည် ဆောက်နိုင်ရေး လိုအပ်သည်များကို ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်
အညီ ဆောင်ရွက် ပေးလျက်ရှိမှု၊ MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ အားပေးဆောင်ရွက်ပေးလျက်ရှိမှု
အခြေအနေများ နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှုနှင့် ပညာရေးအရ ပြုပြင်ပြောင်းလဲမှုများ
မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်မှု
ထို့နောက် နိုင်ငံတော်သမ္မတက
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားရာတွင်
မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူရပြီးနောက်ပိုင်း တနင်္သာရီ
တိုင်းဒေသကြီးသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်
ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန်
လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်ပတ်လုံး
မိုးရေချိန်ကောင်းမွန်စွာရရှိသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ဒေသ၏
ရေခံမြေခံကောင်းများ၊ ပိုင်ဆိုင်ထားရှိသည့် အရင်းအမြစ်များ၊ အခြေခံ အချက်အလက်များအပေါ်
မူတည်၍ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်နိုင်ရန်
စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊
တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ရေခံမြေခံနှင့် အရင်းအမြစ် ကောင်းများစွာကို
ပိုင်ဆိုင်ထားရှိပြီးဖြစ်သော်လည်း နိုင်ငံရေးအရ လှုံ့ဆော်သွေးထိုးမှုများကြောင့်
အချို့သောနေရာများ၌ လုံခြုံရေးအရ အားနည်းချက်များနှင့် မငြိမ်မသက်မှုများ ဖြစ်ပေါ်လျက်ရှိကာ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များ
ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ဒေသနှင့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့်
နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချနေကြသည့် ပြည်ဖျက်မီဒီယာများ၊ လူပုဂ္ဂိုလ်များ၊
အဖွဲ့အစည်း များ၏ စကားများကို နားယောင်ကာ အကောင်းအဆိုးနှင့် အကြောင်းအကျိုးကို
ဆင်ခြင်သုံးသပ် ဝေဖန် ပိုင်းခြားဆုံးဖြတ်နိုင်မှု မရှိခြင်းသည် ပညာရေးအရ အားနည်းချက်များ
ရှိခဲ့ခြင်း၏ အကျိုးဆက်ပင် ဖြစ်ကြောင်း။
နိုင်ငံသားတစ်ဦးချင်းစီ၏
အတန်းပညာများ မြင့်မားလာမှသာ အသိပညာ၊ ခံယူချက်၊ ယုံကြည်မှု စိတ်ဓာတ်နှင့်
စည်းကမ်းများ ကောင်းမွန်လာမည်ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုများ မှန်ကန်ကောင်းမွန်
လာမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများ၌လည်း နိုင်ငံရေးအရ
သဘောထားတိုက်ဆိုင်မှု မရှိခြင်းများ ကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လေ့ရှိကြသည်ကို
တွေ့မြင်ကြရမည်ဖြစ်သော်လည်း နိုင်ငံ၏အနာဂတ်ကို ထိခိုက်ပျက်စီးစေမည့် ပညာရေး၊
ကျန်းမာရေး၊ စီးပွားရေး စသည့် အကျိုးစီးပွားများနှင့် အခြေခံအရင်းအမြစ်များကို
ထိခိုက်ပျက်စီးအောင် ဆောင်ရွက်ကြခြင်းများ မရှိကြကြောင်း၊ ပညာတတ်များ
ဖြစ်မှသာလျှင် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား နိုင်သည့်
လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏
အကျိုးစီးပွား ကိုလည်း ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်သဖြင့် မိမိတို့အနေဖြင့်
ပညာရေးအရ ပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌
လွတ်လပ်ရေးရရှိပြီး ချိန်မှစ၍ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နိုင်ငံရေးစနစ် အမျိုးမျိုးကို
ပြောင်းလဲကျင့်သုံးခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ခေတ်စနစ်များအလိုက်
ကောင်းမွန် သည်များ ရှိခဲ့သကဲ့သို့ အားနည်းချက်များလည်း ရှိခဲ့ကြကြောင်း၊ ၂၀၁၀
ပြည့်နှစ်တွင် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ
လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး တပ်မတော်မှဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁
ခုနှစ်တွင် ဒီမိုကရေစီအစိုးရသစ် ထွက်ပေါ်လာခဲ့ ကြောင်း၊ ထို့နောက် ဒီမိုကရေစီဒုတိယ
အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
မည်သို့မျှလက်ခံ၍မရနိုင်သည့် မဲမသမာမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်က
နိုင်ငံတော်တွင် တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း
မရှိသည့်အတွက် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်) နှင့်အညီ ထမ်းဆောင် ခဲ့ကြရကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ
သဘောထားမတိုက်ဆိုင်မှုများမှတစ်ဆင့် ဆူပူအကြမ်း ဖက်မှုများ၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အားပေးထောက်ပံ့မှုဖြင့် လက်နက်ကိုင် အကြမ်းဖက်မှုများ
ဖြစ်ပေါ်လာခဲ့ပြီး အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို ဆောင်ရွက်ကာ တိုင်းပြည်ကို
ဖျက်ဆီးလာခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရချိန်အတွင်း
နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ နိုင်ငံရေးအရ စီးပွားရေးအရ
အရေးယူပိတ်ဆို့မှုများ၊ လက်နက်ကိုင် အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ၊ ကိုဗစ်-၁၉
ကပ် ရောဂါအပါအဝင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ ရမှုများ
စသည့်အခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို ရနိုင်သမျှသော အင်အားစုများ၊ တာဝန်သိ
ပြည်သူများနှင့် သစ္စာရှိဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြိုးစား
ရုန်းကန်၍ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း။
လက်ရှိအချိန်တွင်
မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့်
ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး
မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့်
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးဟူသည့် ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို
ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
တနင်္သာရီတိုင်းဒေသကြီးအတွင်း
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင် နိုင်သည့် အခွင့်အလမ်းနှင့်
အရင်းအမြစ်များ များစွာရှိပြီးဖြစ်ကြောင်း၊ ဆီအုန်း၊ ရော်ဘာ၊ ဒူးရင်း စသည့် နှစ်ရှည်ပင်များအနေဖြင့်
အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းပြီး စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက် စေရေး
စိုက်ပျိုးရေး သုတေသနများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ဒေသတွင်း
စိုက်ပျိုးဖြစ်ထွန်းသည့် ကိုကိုးပင်များကိုလည်း နှစ်ရှည်သီးနှံပင်များနှင့်တွဲ၍
တိုးချဲ့စိုက်ပျိုး သွားကြခြင်းဖြင့် ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို
ပိုမိုအထောက်အကူဖြစ်လာစေမည် ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း
ဒေသဝမ်းစာဖူလုံကိုက်ညီမှုရှိအောင် မွေးမြူထုတ်လုပ် နိုင်မည်ဆိုပါက အသား၊
ငါးဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့်
စိုက်ပျိုးရေးထွက်ကုန်များဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်မွေးမြူကြမည် ဆိုပါက
ဒေသအတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ဦးဆောင်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းထုတ်လုပ်မှုနှင့် စားသုံးမှုများ
မျှတအောင် ဆောင်ရွက်ပေး ခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝများ တိုးတက်လာအောင်
ဖော်ဆောင်ပေးသွား ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို
အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အတတ်ပညာ၊
အသိပညာများ ကြွယ်ဝစေရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေး စက်မှု၊
စိုက်ပျိုးမွေးမြူရေး အခြေခံ ပညာအထက်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊
နိုင်ငံတစ်ခု၊ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ GDP တိုးတက်လာစေရေး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ
တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး
တနင်္သာရီတိုင်းဒေသကြီးအတွင်း
စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက်
ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်အတူ
ခရီးသည်နှင့် လေယာဉ်ဆိုက်ရောက် ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာ နိုင်မည်ဖြစ်သဖြင့်
ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်မှုကို ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတော် အစိုးရ အနေဖြင့်
ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို များပြားလာစေနိုင်မည်ဖြစ်ကြောင်း၊
ရေး-ထားဝယ် ရထားလမ်းသစ် ဖောက်လုပ်ရာတွင်လည်း ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်၌
နှစ်လမ်းသွားဖြင့် ဖောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီး ပါက
ခရီးသွားလာမှုများနှင့် ကုန်စည်ကူးသန်းသွားလာမှုများ ပိုမိုတိုးတက် များပြား လာစေနိုင်မည်ဖြစ်ကြောင်း။
ခရီးသွားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝမှပေးထားသည့် သာယာလှပသည့် ကမ်းခြေများ၊
ကျွန်းစုများ၊ ခရီးသွားအရင်းအမြစ်များ၊ လည်ပတ်ရန်ခရီးစဉ်နေရာများအပြင်
ဒေသသာယာလှပရေး၊ စည်းကမ်းစနစ်တကျနှင့် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက်လည်း ဒေသနေ ပြည်သူများအားလုံးက
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီအလိုက်၊
မိသားစုတစ်စုချင်းစီအလိုက်၊ ရပ်ကွက်၊ ကျေးရွာများ၊ မြို့များအလိုက်
စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာ ကြမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
များလိုက်နာကြမည်၊ ထုတ်ပြန်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာကြမည်ဆိုပါက
မိမိတို့ဒေသနှင့် မြို့သာယာလှပမှုသည်လည်း ကောင်းမွန် နေမည်ဖြစ်ကြောင်း။
ထို့ပြင်
ရှေးယခင်ကတည်းကတည်ရှိခဲ့သည့် ထားဝယ်အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ ဝတ်စား
ဆင်ယင်မှုများ၊ ရိုးရာတူရိယာပစ္စည်းများကို စနစ်တကျထိန်းသိမ်းရန်လိုသကဲ့သို့
ပြန်လည် ထုတ်ဖော်ပြသသွားရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊
မိမိတို့ဒေသ၏ယဉ်ကျေးမှုကို နိုင်ငံတွင်း နေထိုင်ကြသူများ၊ ဒေသတွင်းနေထိုင်ကြသူများကိုယ်တိုင်
မြတ်မြတ်နိုးနိုးတန်ဖိုးထား ထိန်း သိမ်းဆောင်ရွက်သွားနိုင်ရေး မြို့မိမြို့ဖများ၊
သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို အစဉ် အဆက် ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့်
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုနိုးကြားလာမည်ဖြစ် ကြောင်း၊ ထို့ကြောင့်
“အားလုံးက မြန်မာ” ဟူသည့် စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နိုင်ငံချစ်စိတ်၊
မျိုးချစ်စိတ်ဖြင့် လက်ဆင့်ကမ်း ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်
စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်သည့် အလား အလာကောင်းများ၊
အခွင့်အလမ်းကောင်းများ၊ အရင်းအမြစ်များ ပေါကြွယ်ဝစွာရှိပြီးဖြစ်သဖြင့် ဒေသ တည်ငြိမ်အေးချမ်းမှုကို
ဖော်ဆောင်ပေးခြင်း၊ အမှန်တကယ် အလုပ်လုပ်ကိုင် ကြခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို
အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက်ဖြစ်ပေါ်နေသည့် နည်းပညာများကိုအသုံးချ၍
ဒေသတွင်းကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းစီအလိုက်
ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း တိုးတက်လာ နိုင်မည်ဖြစ်သဖြင့်
အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း
ပြောကြားသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်း
ပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုပြီး
ပြခန်းအလိုက် တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ
ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။
ထို့ပြင်
နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင်လည်း ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များနှင့်အတူ
ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်
ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ
ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာများရရှိခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား
တစ်ဦးချင်းလိုက်လံ ကြည့်ရှု အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ
ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။
ထို့နောက်
နိုင်ငံတော်သမ္မတသည် ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးပြီး
ဆေးရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



No comments