ဂျပန်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များက ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘုံစည်းမျဉ်းများ ချမှတ်ကျင့်သုံးရန် တိုက်တွန်း
တိုကျို အောက်တိုဘာ ၁၁
ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ
စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့နိုင်ငံများတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဘုံစည်းမျဉ်းများ
ချမှတ်ကျင့်သုံးရန် အစိုးရများအား တိုက်တွန်းပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင်
နှစ်စဉ်ကျင်းပခဲ့သည့် ဂျပန်-အမေရိကန် စီးပွားရေးညီလာခံအပြီး
ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ၎င်းအဆိုပြုချက်ကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုမည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် နှစ်နိုင်ငံအကြား ဘုံစည်းမျဉ်းများဖန်တီးရန် စီးပွားရေးခေါင်းဆောင်များက အဆိုပြုထားသည်။
ထို့ပြင် စီးပွားရေးလုံခြုံမှုအတွက်
အရေးပါသည့် အဓိကသတ္တုတွင်းထွက်ပစ္စည်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း အစိတ်အပိုင်းများ၏ ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာအားကောင်းစေရေးကိုလည်း အဆိုပြုချက်တွင်
ထည့်သွင်းခဲ့ကြောင်း သိရသည်။
နည်းပညာတိုးတက်မှုသည်
လူတို့၏ဘဝကို ပိုမိုကောင်းမွန်စေသော်လည်း ယခုအခါ နည်းပညာတိုးတက်ပြောင်းလဲမှုများသည်
ယခင်ကာလများထက် ပိုမိုမြန်ဆန်လာသည့်အတွက် စိုးရိမ်မှုများ လည်းရှိကြောင်း အမေရိကန်ဘက်မှ
ဥက္ကဋ္ဌ ဒေးဗစ်ဂိုးကလာက ပြောကြားသည်။ ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်
အပြန်အလှန်ညှိနှိုင်းမှုများ လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုအလိုက်
ဖြစ်ပေါ်နိုင်သည့် အန္တရာယ်အဆင့်နှင့် ကိုက်ညီသည့် စီမံအုပ်ချုပ်မှုစနစ်များ ချမှတ်ရန်
တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဂျပန်ဘက်မှ တာကာရှီးမား မာကိုတိုက ပြောကြားသည်။
ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးပြိုင်ဆိုင်မှုတွင်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဦးဆောင်လျက်ရှိပြီး ၎င်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလက
ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဆွေးနွေးမှုများ စတင်ပြုလုပ်ရန်
သဘောတူခဲ့ကြသည်။
အင်န်အိတ်ချ်ကေ

No comments