အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပြီးဆုံးပြီး ပိတ်ပွဲအခမ်းအနားကျင်းပ

 


ရန်ကုန်     အောက်တိုဘာ     ၄

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်  ၂၀၂၆  ခုနှစ် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပြီးဆုံးသွားပြီး ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၄ ရက်က Paloma Mizuho Sports Park ၌ ကျင်းပသည်။

ပိတ်ပွဲအခမ်းအနားကို ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားစွာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲကျင်းပရေးအလံကို ၂၀၃၀ ပြည့်နှစ် (၂၁)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာတာနိုင်ငံထံ လွှဲပြောင်းပေးခဲ့သည်။

အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပခဲ့ပြီး အားကစားနည်း ၄၃ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄၆၉ မျိုး ထည့်သွင်းကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ အားကစားသမား စုစုပေါင်း ၁၀၇၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ပြီး တရုတ်နိုင်ငံက ရွှေတံဆိပ် ၁၆၉ ခု၊ ငွေတံဆိပ် ၈၉ ခု၊ ကြေးတံဆိပ် ၈၃ ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် ထိပ်ဆုံးရပ်တည်ခဲ့သည်။ အိမ်ရှင်ဂျပန်နိုင်ငံက ရွှေတံဆိပ် ၈၃ ခု၊ ငွေတံဆိပ် ၉၅ ခု၊ ကြေးတံဆိပ် ၉၁ ခုဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

မြန်မာအားကစားအဖွဲ့မှာမူ အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ရာ သုံးမျိုးက ဆုတံဆိပ်ရယူနိုင်ခဲ့သည်။ မြန်မာ တက်ဂ်ဘောအသင်းက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ မြန်မာ Esports အသင်းက ရွှေတံဆိပ် တစ်ခု၊ မြန်မာပိုက်ကျော်ခြင်းအသင်းက ကြေးတံဆိပ်တစ်ခုရရှိပြီး စုစုပေါင်း ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် ၂၄ နေရာ ရပ်တည်နိုင်ခဲ့သည်။               

သတင်း - ချစ်ကိုကို၊ ဓာတ်ပုံ - OCA

No comments

Powered by Blogger.