၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၄
တပ်မတော်(ကြည်း၊ရေ၊လေ) လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် မျိုးဆက်သစ်
လူငယ်အားကစားသမား ကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့်
မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှ
စတင်၍ သက်ဆိုင်ရာအားကစားနည်းများအလိုက်
သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၆ ခုနှစ် တပ်မတော်
(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း
တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို
ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး မာရသွန်အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ လူရွေးပွဲ၊
အမျိုးသား သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး မီတာ-၁၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊
အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား မီတာ ၄၀၀ လေးယောက်တွဲ လက်ဆင့်ကမ်းပြေး ပြိုင်ပွဲများကို လည်းကောင်း၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)
ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ အမျိုးသား/အမျိုးသမီးကီလိုတန်းအလိုက် အတိုက်ပြိုင်ပွဲများ အသီးသီးယှဉ်ပြိုင်ကစားကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း
တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး
ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(B)၌ အမျိုးသား/
အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း
(၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို
ဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌ အမျိုးသားဓားနှစ်လက် အတိုက်(က)တန်း၊ အမျိုးသား ဓားတစ်လက် အတိုက်(က)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက် (ခ)တန်း၊ အမျိုးသမီး ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ အမျိုးသား
ဗန်တို အတိုက်(က)တန်း၊ အမျိုးသား ဗန်တို
အတိုက်(ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ် အတိုက်(ခ)တန်း၊
အမျိုးသမီး ပန်ကြပ်ဆီလပ် အတိုက် ပြိုင်ပွဲများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း စံပယ်အားကစားရုံ၌ အလွတ်တန်း သုံးယောက်တွဲအဖွဲ့လိုက်
ဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်
စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက်ပွဲစဉ်များ၊ အလွတ်တန်းပွဲစဉ်များ အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အလားတူ ၂၀၂၆ ခုနှစ် (၆၃)ကြိမ်မြောက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး
ကိုယ်စားပြုအသင်းက အလယ်ပိုင်း
တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား လေးဂိုး -
နှစ်ဂိုးဖြင့် လည်းကောင်း၊ ဇေယျာသီရိလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)
ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့
ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီး ချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းအား
တစ်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊
ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments