စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်




စစ်တွေ အောက်တိုဘာ ၃၀


စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့် ငွေများကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ရေတပ်၊ ဌာနချုပ်မှူးက ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် (ပုံစံ-၁၂) တို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။


အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းတာဝန်သည် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တစ်ခုတင်မက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်း ထမ်းဆောင်ရမည့် မွန်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ခုဖြစ်ကြောင်း၊ စစ်သည်တော်များသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်တွင် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများဖြစ်သည့်အတွက် သမိုင်းကအသိအမှတ် ပြုထားမည်ဖြစ်ကြောင်း၊ စစ်သည်တော်များသည် အရပ်သားဘဝကို ပြန်လည်ရောက်ရှိ သွားမည်ဖြစ်၍ စစ်သည်တော်၏ ကိုယ်ရည်ကိုယ်သွေးများက စစ်သည်တော် စိတ်ဓာတ်အတိုင်း ရှိနေရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသည့်အချိန်မှစ၍ မိမိတို့ဒေသတွင် ရှိသည့် လူငယ်များ၏စံပြဖြစ်အောင် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားပြီး ရပ်ရွာအေးချမ်းရေးအတွက် အထောက်အကူပြုသူများဖြစ်အောင် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ကြိုးစားအားထုတ်ရာတွင်လည်း တပ်မတော်က သင်ကြားပေးလိုက်သည့် ဇွဲသတ္တိရှိမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုများကို အသုံးပြုပြီး မိမိတို့၏မိသားစုလူနေမှုဘဝ တိုးတက်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုစကား ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) အစည်းအဝေးခန်းမ၌ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကွန်ပျူတာတက္ကသိုလ် ဆရာဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏ အင်တာနက်အသုံးပြု၍ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကွန်ပျူတာအသုံးပြု လက်တွေ့သင်တန်းခန်း၊ ဝန်ထမ်းအိမ်ရာနှင့် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.