အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ သုတေသီသုံးဦး ဆေးပညာနိုဘယ်ဆုရရှိ

 


စတော့ဟုမ်း  အောက်တိုဘာ  ၅

အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့မှ သုတေသီသုံးဦးသည် ၂၀၂၆ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ ကာရိုလင်စကာ အင်စတီကျု၏ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က အလင်းဖြင့် ထိန်းချုပ် နိုင်သော အိုင်ယွန်းချန်နယ်များနှင့် အလင်းကိုအသုံးပြု၍    အာရုံကြောဆဲလ်များ၏ လုပ်ဆောင်မှုကို ထိန်းချုပ်လေ့လာနိုင်သည့် နည်းပညာဆိုင်ရာရှာဖွေတွေ့ရှိမှုများအတွက် ကားလ် ဒီဆာရော့သ်၊  ပီတာ  ဟီဂမန်နှင့် ဂျော့ဂ် နေးဂယ်တို့အား ၂၀၂၆ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆုကို  ပူးတွဲချီးမြှင့်ရန် ယနေ့ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

နိုဘယ်ဆုရရှိသူသုံးဦးမှာ  အမေရိကန်ပြည်ထောင်စုရှိ ဟာဝပ်ဟျူးစ် ဆေးဘက်ဆိုင်ရာ သုတေသနအင်စတီကျုနှင့် စတန်းဖို့ဒ်တက္ကသိုလ်မှ ကားလ်ဒီဆာရော့သ်၊  ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဟမ်းဘို့လ်ဒ်တက္ကသိုလ်မှ ပီတာဟီဂမန်နှင့် ဂျာမနီနိုင်ငံ ဝါ့ဇ်ဘာ့ဂ်မြို့ရှိ ဝါ့ဇ်ဘာ့ဂ်တက္ကသိုလ်မှ ဂျော့ဂ်နေးဂယ်တို့ ဖြစ်ကြသည်။

နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က  နိုဘယ်ဆုရှင် သုံးဦး၏ ရှာဖွေတွေ့ရှိမှုများသည် အာရုံကြောသိပ္ပံပညာ၏ ခေတ်သစ်တစ်ရပ်အတွက်  အခြေခံအုတ်မြစ်များကို  ချမှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အလင်းကို အသုံးပြု၍ အာရုံကြောဆဲလ်များ၏ လုပ်ဆောင်မှုကို တိကျစွာ ထိန်းချုပ်လေ့လာနိုင်သည့် နည်းပညာကြောင့် သုတေသီများအနေဖြင့် သီးခြားမှတ်ဉာဏ်များ၊   ခံစားချက်များနှင့်   အပြုအမူများကို ထိန်းချုပ်ပေးသည့် အာရုံကြောဆိုင်ရာ ဆက်စပ်ပတ်လမ်းများကို ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းတို့နှင့်   အာရုံကြောဆိုင်ရာ    ရောဂါများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများအကြား ဆက်စပ်မှုကိုလည်း လေ့လာဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.