ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို ပိုမိုအသုံးပြုလာစေရေး စည်းရုံးဆောင်ရွက်ပေးရန် လိုအပ်

 



 ပုသိမ် အောက်တိုဘာ ၅


ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက တက္ကသိုလ်၊ ကောလိပ် စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးနှင့် ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။


တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပုသိမ်ပညာရေး ကောလိပ် စာကြည့်တိုက်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် စာကြည့်တိုက် တာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ လူမှုရေးရာဝန်ကြီးက စာကြည့်တိုက်များသည် အမြဲတမ်း Active & Function ဖြစ်ရန်လိုအပ်ပြီး ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကိုပိုမိုအသုံးပြုလာစေရေး ဆရာ ဆရာမများနှင့် စာကြည့်တိုက်တာဝန်ခံများက စည်းရုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စာကြည့်တိုက်ကိုအသုံးချပြီး ဘဝတိုးတက်ရာ တိုးတက်ကြောင်း ပညာရှာမှီးတတ်သည့် အလေ့အထများ ပိုမိုထွန်းကားလာရေး တည့်မတ်ညွှန်ပြပေးစေလိုကြောင်း၊ စာကြည့်တိုက်တွင် လူငယ်အကျိုးပြုစာအုပ်များကို ဖြည့်တင်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားပြီး စာကြည့်တိုက်များအတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.