ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ဧကအားလုံးရိတ်သိမ်းပြီးစီး




ကျွန်းလှ အောက်တိုဘာ ၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်ကြရာ ယခုနှစ် မိုးရာသီစိုက်ပျိုးခဲ့သော မိုးမြေပဲစိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးရာသီ မြေပဲစိုက်ပျိုးဖို့ ၇၅၈၂ ဧကလျာထားတဲ့အနက် ၇၂၅၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအခါ မြေပဲစိုက်ဧကအားလုံးရိတ်သိမ်းပြီး တစ်ဧက ၄၃ ဒသမ ၅၃ တင်းထွက်ရှိပါတယ်။ တောင်သူတွေ ဆောင်းမြေပဲ သီးထပ်စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


အဆိုပါ မိုးမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့် ရရှိရေးဆောင်ရွက်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း စသည့်စိုက်ပျိုး ရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် အထွက်နှုန်းကောင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြပါက ဒေသတွင်းစားသုံး ဆီဖူလုံမည်ဖြစ်ကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

No comments

Powered by Blogger.