မကွေးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရေကန်များ ကန်ပေါင်မြှင့်တင်ဆောင်ရွက်
မကွေး အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြုပြင်လှူဒါန်းသည့် မကွေးမြို့နယ် ကန်လှ ကျေးရွာအနီးရှိ ကန်လှအရှေ့(ရွာဦးကန်) မြေသားကန်အား မကွေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စက်မှု တိုင်း(၃)မှ မြေတူးစက်နှစ်စီး၊ မြေသယ်ယာဉ် တစ်စီးတို့ဖြင့် ကန်ပေါင်ပေါ်ရှိ သစ်ပင်ချုံနွယ်များ ဖယ်ရှားရှင်းလင်းခြင်း၊ နုန်းများ တူးဆယ်ခြင်း၊ ရေစီး/ရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်း၊ ကန်ပေါင်အား ပုံစံကျပြုပြင်ပေးခြင်း ဆောင်ရွက်ပြီးစီးမှုတို့ကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ မကွေးမြို့နယ် မကြီးကန် ကျေးရွာအုပ်စု မကြီးကန်ကျေးရွာမှ ကြာကန်နှင့် နွားကူးကျေးရွာမှ နွားကူးကန် ပြုပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ ကျရောက် လာနိုင်သည့် အယ်လ်နီညိုရာသီဥတုကြောင့် ရေရှားပါးမှု အခက်အခဲ မကြုံတွေ့ရစေရန်နှင့် ကျေးရွာသူ ကျေးရွာသားများ ရေလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း၍ ရေရရှိရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ကန်ပေါင်မြှင့်တင်ခြင်း (ကန်ဆင့်/ကန်မြှင့်)လုပ်ငန်းများ ဆောင်ရွက်ထားရာ အယ်လ်နီညိုရာသီဥတုကြောင့် မိုးခေါင်ရေရှားဖြစ်ပေါ်လာပါက ရေကန်အတွင်း မိုးရေကို ပိုမိုများပြားစွာ သိုလှောင် ထားရှိနိုင်မည်ဖြစ်ပြီး သိုလှောင်ထားရှိသည့် ရေများကို ကျေးရွာသူ ကျေးရွာသားများအတွက် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်မည့်အပြင် အိမ်မွေးတိရစ္ဆာန်များအတွက် လိုအပ်သောရေရရှိကာ စိုက်ပျိုးရေး လုပ်ငန်းများအတွက်ပါ စနစ်တကျအကျိုးရှိရှိ ခွဲဝေအသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments