အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် ဒုတိယမြောက်ရွှေတံဆိပ်ဆုကို မြန်မာ့လက်ရွေးစင် Esports အသင်းက ထပ်မံဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ်လေးခုဖြင့် နိုင်ငံအလိုက် အဆင့် (၂၂) ဖြင့် ရပ်တည်



နေပြည်တော် အောက်တိုဘာ ၁

 

ဂျပန်နိုင်ငံ Aichi-Nagoya ၌ ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ၏  Mobile Legends : Bang Bang (MLBB) ပြိုင်ပွဲတွင် မြန်မာ Esports အသင်းမှ နည်းပြငါးဦးနှင့် အားကစားသမား ၁၇ ဦး စုစုပေါင်း ၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

မြန်မာ Esports အသင်းမှ အားကစားသမားများဖြစ်သည့် မောင်မျိုးမြင့်ကိုကိုကျော်၊ မောင်ဟိန်းထက်ဦး၊ မောင်ကျော်သူရ၊ မောင်ဟန်ထူးဆွေနှင့် မောင်ရှိုင်းလင်းအောင်တို့ ငါးဦးက အုပ်စုပတ်လည်အဆင့် ပွဲစဉ်များတွင် ကာဇက်စတန်အသင်း၊ တရုတ် (ဟောင်ကောင်) အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ပွဲပြတ်စီ အပြတ်အသတ်အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့တက်ရောက်၍ ကွာတားဖိုင်နယ် ရှုံးထွက်အဆင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းနှင့် ထပ်မံယှဉ်ပြိုင်ရာ မြန်မာ Esports အသင်းက ကမ္ဘောဒီးယားအသင်းကို ရလဒ်နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

 

မြန်မာအသင်းသည် အုပ်စုအဆင့်နှင့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များကို အကောင်းဆုံးယှဉ်ပြိုင် အနိုင်ယူကျော်ဖြတ်ခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ မလေးရှားအသင်းကို နှစ်ပွဲပြတ်အနိုင်ရရှိသဖြင့် အာရှအားကစားပြိုင်ပွဲ၏ အမြင့်မားဆုံးသော ဗိုလ်လုပွဲအဆင့်သို့ ဂုဏ်ယူဝင့်ကြွားစွာ တက်ရောက်နိုင်ခဲ့သည်။

 

ယင်းနောက် မြန်မာ Esports အသင်းသည် ဗိုလ်လုပွဲ ပွဲစဉ်ကို Best of Seven ပွဲငယ်ခုနစ်ပွဲ ယှဉ်ပြိုင်ရာတွင် လေးပွဲအနိုင်ရရှိမည့်အသင်းက ပထမဆုရရှိမည်ဖြစ်သည့်အတွက် မြန်မာ့လက်ရွေးစင် Esports အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ပွဲဦးထွက်မှစ၍ (Game 1 မှ Game 4 အထိ) ရှုံးပွဲမရှိ အကောင်းဆုံး လက်စွမ်းပြဦးဆောင်ထားနိုင်ခဲ့ပြီး ရလဒ်လေးပွဲပြတ်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ကာ ပွဲစဉ်တစ်လျှောက်လုံး အမှားအယွင်းမရှိဘဲ ပြိုင်ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့သဖြင့် ချန်ပီယံရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် အောင်မြင်စွာ ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ၏ Mobile Legends : Bang Bang (MLBB) ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုဖြင့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူပေးနိုင်ခဲ့သည်။ ဒုတိယဆုကို အင်ဒိုနီးရှားအသင်းကလည်းကောင်း၊ တတိယဆုကို မလေးရှားအသင်းနှင့် ပူးတွဲတတိယဆုကို မွန်ဂိုလီးယားအသင်းတို့ကလည်းကောင်း ရရှိခဲ့သည်။

 

ယနေ့ မြန်မာ့လက်ရွေးစင် MLBB Esports Team Zanaka အသင်း ရရှိခဲ့သည့် ရွှေတံဆိပ်ဆုသည် ဆုတံဆိပ်တစ်ခုမျှတင်မကဘဲ မြန်မာ့ Esports သမိုင်းတစ်လျှောက် အာရှအဆင့်တွင် ပထမဦးဆုံးရရှိခဲ့သည့် မြင့်မားလှသော အောင်မြင်မှုတစ်ရပ်ဖြစ်သည်။

 

ယခုအောင်မြင်မှုသည် မြန်မာ Esports အသင်း၏ ကြိုးစားအားထုတ်မှု၊ မြန်မာ့ Esports ကဏ္ဍတစ်ခုလုံး၏ အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်၍ နောင်လာမည့် မျိုးဆက်သစ် Esports အားကစားသမားများအတွက် ဂုဏ်ယူဖွယ်ရာဖြစ်စေရုံသာမက နိုင်ငံတကာစင်မြင့်ထက်တွင် နိုင်ငံတော်သီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ သီဆိုပြီး နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံအလံကို ဆက်လက်လွှင့်ထူနိုင်ရန် အားအင်အပြည့်နှင့် စိတ်ဓာတ်ခွန်အားများစွာ ရရှိစေခဲ့သည်။

 

မြန်မာအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ်တစ်ခု၊ ဝူရှူး အားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ်နှစ်ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၃ နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တက်ဂ်ဘော၊ Esports၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘားနှင့် ဘောလုံး (အမျိုးသမီး) စသည့် အားကစားနည်းငါးနည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တက်ဂ်ဘောအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုနှင့် Esports အားကစားနည်းမှ ရွှေတံဆိပ်တစ်ခုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာနိုင်ငံက အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ်လေးခု ရရှိထားသည့်အတွက် ပြိုင်ပွဲဝင်နိုင်ငံ ၄၅ နိုင်ငံအနက် နိုင်ငံအလိုက်အဆင့် (၂၂) တွင် ရပ်တည်နိုင်ခဲ့ပြီး ယခင်အာရှအားကစား ပြိုင်ပွဲများတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် သာလွန်ပြီး အောင်မြင်မှုပိုမိုရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်



No comments

Powered by Blogger.